Pages
Saturday, December 31, 2011
အလွမ်း ... နှစ်ကူး
ထက်ကောင်းကင် ဝယ် ၊ ဆန်းပြာသို (၇) ရက်မို့ 
ငွေလ ဆန်းလည်း ၊ ကွေးလျှက် နေကာ
ကြယ် နှင့်  ပြိုင်၍ ၊ ရောင်ဖြာ ထွန်းသည်
သို့ ပါသော် လည်း ၊ ညိုမှောင် သမ်းသမ်း
တိမ်ရောင် လွှမ်း၍ ၊ မှောင် တခါ လင်း တကွက်
 နေရ ရှာသည် ….. ။
ရွှေပြည် ဝေး တဲ့ ၊ ဂျင်ဂျာတော ငယ်
မြိုင်ငယ် ဆီအုန်း ၊ မှိုင်းပြပြ ဖြင့်
တောင်က တရုတ် ၊ အိမ်ငယ် စု၍
ညက်ညက် ညံကာ ၊ မီးရောင် ဆန်းနှင့်
“  ဖောက်ဖောက် ”  မြည်ဟီး ၊ မီးပန်း ဆင်သည်
မြောက်အရပ် ဝယ် ၊ ကား သင်္ချိုင်း နှယ်
ကြီးငယ် အလတ် ၊ စီကာ ရပ်လျှက်
မီးတိုင် ငယ် မှ ၊ ရောင်ဝါ ထွန်း သည် … ။
ဆယ်ပေ ကျော်ကျော် ၊ ကျွန်ုပ် နန်းတွင်
ဖော်ဆွေ မရှိ ၊ တေးသံ ငြိမ့်လျှက်
စာ တစ်ပုဒ် နှင့် ၊ နှဲ့ နှဲ့ ခုံ ငယ်
 ယဲ့ယဲ့ မှီ ၍ ၊ ပြတင်း ငယ် မှ
အရှေ့ တောင် မြောက် ၊ မျှော်ကာ ငေး ယင်း
နှစ်ကူး ည ဝယ် ၊ အတိတ် ဆီ သို့ 
လွမ်း ရ ပြန်သည် …. ။
တချိန် ဆီ က ၊ ဤ နှစ်ကူး  ဝယ်
လှိုင်း သံ သဲ့သဲ့ ၊ တေး သံ ဖက်၍
ငွေ သောင် စပ်တွင် ၊ မီး ပုံ ဖွဲ့ ကာ
ငယ်ပေါင်း တသိုက် ၊ ပျော်ခဲ့ သည်ကို
မှန်းမျှော် တွေးလျှက် ၊ ရှိနေ ချိန် ဝယ်
သွေ့ သွေ့ ဆောင်ယူ ၊ လေဝှေ့  ချက်ကြောင့်
ဘယ်မှ သေကောင် ၊ ပုတ်နံ့  လှိုင်၍
စိတ်ပင် မှိုင်း ကာ ၊ တွေးစ ပျယ်သည် …. ။
ငွေကျွန် နှစ် လည်း ၊ ကုန်ရ ပြန်ပြီ
သည်တွင် သည်ခေတ် ၊ လူ့ ဘောင် ထက် ဝယ်
ခွေး ပင် မခန့်  ၊ ညက်ညက် ကြေမည်
ဖူးစာ နတ်ပင် ၊ ဒေါ်လာ  ခင် ၍
ငွေ ကျွန် ဖြစ်လည်း ၊ ပျော်ရ ပြန်သည် …. ။
မည်သို့  ဆိုစေ ၊ ကံ ရောင် တောက်သည်
ဆိုရ မည်ဟု ၊ ကံဆန်း လှ ပေ
ယဉ်မှု နှိုင်း မဲ့ ၊ ချစ်ဦး ငယ် မှာ
ရွှေပုံ မ ပိုက် ၊ ချစ်ထပ် ရွေး ကာ
ချစ်ခွင့် ဆုံ ၍ ၊ သက် မျှ မြတ်နိုး
တန်းဖိုး ဆင် ကာ ၊ သစ္စာ ပုံ အပ်
မေတ္တာ ဆင့် ၍ ၊ ဘဝ အရှင်
ရင်၌ တည်သည် ……  ။
ဤည ချိန်ဝယ် ၊ ရွှေပြည် လည်းဝေး
ကြင်သူ ဝေးနှင့် ၊ လွမ်းနွယ် ရစ်ရစ်
လွမ်းဓာတ် စူးစူး ၊ လွမ်းငွေ့ ဝေဝေ
လွမ်းဟုန် ပြင်းပြင်း  ၊ လွမ်း ပွဲ ဆင်ဆင်
လွမ်း, သည် နှစ်ကူး ၊ လွမ်းကာ နွဲ ယင်း
ချစ်သူ ဖုန်းခေါ်  ၊ မျှော်ကာ တ ၍
စာအုပ် ငယ်ငယ်  ၊ စိတ်ငယ် နှစ်လျှက်
လွမ်းစိတ် ငယ် ကို ၊ ဖြေ ရ ပါတော့သည် ….. ။
ကျနော် ၏ blogger မိတ်ဆွေ သူငယ်ချင်း များ ကျနော် မောင်ဘုန်း ကဲ့သို့  လွမ်းဆွတ်မှု့  ကင်းစွာ ဖြင့် နှစ်သစ် မင်္ဂလာ အချိန်မှာ ချစ်သောသူ နှင့် အတူ ပျော်ရွှင်နိုင်ကြပါစေ လို့  ဆုတောင်းလိုက်တယ် … ။
အလွမ်းမဲ့ သော မင်္ဂလာနှစ် ဖြစ်ကြပါစေ ……………………………………
မောင်ဘုန်း
အချိန် … ၉နာရီ ၄၄ မိနစ်
နေရာ … Batu 15 janjarom (15 မိုင် ဂျင်ဂျာတော … မြန်မာများ အသံထွက်သည့် အတိုင်း ဖြစ်ပါသည် )
နေစွဲ ... ပြာသို လဆန်း ၇ ရက်
Wednesday, December 28, 2011
အစ်မ စံပယ်ချို အတွက် မွေးနေ့  သဝဏ်လွှာ
မွေးနေ့  သဝဏ်လွှာ
ဆောင်း ငွေနှင်း မှုံ ၊ ရောင်ဖြာ ထွန်း၍
ငွေလ ဆန်းလည်း ၊ ပြူခွင့် မသာ
မှိုင်း နွဲ့ နွဲ့ ဖြင့် ၊ လွမ်း ရေး ဆင်သည့်
ဆောင်း အချိန် ခါ ၊ ဤ ရက်မြတ် မှာ
မစံပယ် ၏ ၊ မင်္ဂလာ ဆန်းသော
မွေးနေ့ မင်္ဂလာ ၊ ဖြစ် တော့ပေသည်  … ။
မိန်းမ ပြာသို ၊ လုလင် ဝါဆို
ဇာတာ ဆန်းပ ၊ ထွန်းထွန်း တောက်အံ့
ဤ ရက်မြတ် ကို ၊ ဆန်း ပြာသို ဟု
မှတ်ဖွယ် ပြုကာ ၊ မင်္ဂလာ ဆန်းသော
မွေးနေ့  မင်္ဂလာ ၊  ဖြစ်တော့ ပေသည်  … ။
ဤ မျှ မက ၊ အနောက်တိုင်း ဝယ်
မှတ်သား ပြုရာ ၊ ဤ ချိန်ခါ ကို
ကက် ပရီကွန်(Capricorn) ၊ လွှမ်းရာ ကြယ်စု
ရှိပါ သောကြောင့် ၊ မွေးနေ့  ရှင် သည်
ဘုန်းရောင် တောက်လွှမ်း ၊ မင်္ဂလာ ဆန်းသည့်
မွေးနေ့  မင်္ဂလာ  ၊ ဖြစ်တော့ ပေသည် … ။
မင်္ဂလာရောင် လွှမ်း ၊ ကျရောက် ပါသော
ယနေ့  ချိန် ဝယ် ၊ ဆန္ဒ ပြု၍
စာ ပန်းချီ ချယ်သ ၊ လေးစား လောက်သူ
 မွေးနေ့  ရှင်အား ၊ အကျွန့်  သခင်
ချစ်သက် ငယ် နှင့် ၊ ထပ်ထူ ပြု၍
မင်္ဂလာ တောင်းဆု ၊ ပြု ရလို  သည် …. ။
ယနေ့ မှသည် ၊ ရွှင် မျက်နှာ နှင့်
သီတာ ရေချမ်း ၊ ထိပ်ထက် ဆန်းသို့ 
စိတ်က ကြည်ဖြူ ၊ ဘေးချမ်း ရန်ကွာ
ချစ် ခင်မွန်း နှင့် ၊ မေတ္တာ ဆင့်ကဲ
နှစ်ရာ တိုင်ထိ ၊ မကွဲ အတူ ရှိပါစေသော် …. ။
သံသရာ ၌ ဝယ် ၊ နှိုင်းတု မရှိ
မြတ်ဗုဒ္ဓ ၏ ၊ ဟောကြား မှု ရာ
သဒ္ဒါ လေးသွယ် ၊ ထပ်တူ ပြု ၍
ယနေ့  မှသည် ၊ သံသရာ ဆက်ဆက်  
ချစ်ကြိုး သွယ် နိုင်ကြပါစေကုန် သတည်း …………… ။
                                           ကျေးစေ ရတု သဝဏ်လွှာ
ကောင်းကင်ဖြူ ၏ ကိုယ်ရံတော် (သို့ ) မောင်ဘုန်း
Tuesday, December 27, 2011
ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)
မင်္ဂလာ ညချမ်းလေးပါ ဗျာ …. “ သခိုးပြေးမှ ထိုးကွင်း ထ ….. မိုး လွန်မှ ထွန် ချ ” ဆိုသလို တော့ ဖြစ်နေပြီ … ။ ခရစ်စမတ် လည်းပြီးသွားပြီ ။ မောင်ဘုန်း တို့  ဘာမှန်တောင် မသိလိုက်ဘူး ။ ချစ်သူက merry christmas မလုပ်လို့  ဆိုပြီး စိတ်ဆိုးသွားလို့  မနည်း ချော့ ယူရတယ် … ။ ဖြစ်ပုံ ကို ပြောရရင်တော့ အတူတူ အလုပ် လုပ်တဲ့ အင်ဒို နှစ်ယောက်က ၂၄ ရက်နေ့ ရောက်မှ  ခရစ်ယာန် ဖြစ်သွားတယ်လေ …  ရှိတာမှ သုံးယောက် သူတို့ က ခရစ်ယာန် ဆိုပြီး အလုပ် ၂ ရက်နားလိုက်တော့ မောင်ဘုန်း တစ်ယောက်  ခရစ်စမတ် မှာ အလုပ် ချိန် ၈ + ၆ နာရီ စုစုပေါင်း ၁၄ နာရီ လုပ်လိုက်ရလို့  ဒီနှစ်တော့ အမှတ်တရ ဖြစ်သွားတာပေါ့ … ။
တဂ်ပေးထားတဲ့ နိုင်ငံကျော် အဆိုတော် လေဘာတီ ဒေါ်မြရင် ရဲ့ မြစ် နှစ်ဝမ်းကွဲ ၊ ပြိုင်ဖက်ကင်း blogger အဆိုတော် လေဘာတီ candy (blogger တွေထဲမှာ သူ့ လို ဆို တက်တဲ့သူ မရှိလို့  ပြိုင်ဖက်ကင်း ဘွဲ့ ပါ ရထားခြင်း ဖြစ်သည် ) နှင့် အခုတလော off line လုပ်ပြီး online ကို စိတ်နာနေတဲ့ အပျိုကြီး (သမီးစံ) တို့ ကို နောက် ကျသွားတဲ့ အတွက် တောင်းပန်ပါတယ် .. နော် …
ကယ် … ထွေထွေထူးထူး တွေလည်း မရေးတက်တော့ မေးတာပဲ ဖြေတော့ မယ်နော် …
ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
“ .. ဟင့်ဟင်း … တစ်မှ မဖြစ်ဖူး ဘူး … ခရစ်စမတ်ဆိုတာ ကျနော် နဲ့  နည်းနည်း စိမ်းတယ်လေ ”
 ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
“ အခု အသက်ရွယ် ထိတော့ မလုပ်ဖြစ်သေး ဘူး ”
နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
“ အယ် … အရမ်း ကြီး အေးတဲ့ နေရာတော့ မကြိုက်ဘူး ဗျ … ကျနော် လောက်ကိုင် ရောက်ဘူးတယ် အဲ့မှာ မနက်ဆို ရေခဲ တယ် ဗျ …. အရမ်း အေးတယ် ရော … အရိုးတွေပါ ကိုက်တယ်လေ … အဲ့လောက်ကြီးအေးတာတော့ မကြိုက်ဘူး … မေမြို့  အေးတာ လောက်ကို အ၇မ်း ကြိုက်တယ် … အယ် … မေမြို့ လို ရာသီတု မျိုး ခရစ်စမတ် ကိုရွေး ဖြစ်မယ် ထင်တယ် … ”
 ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
“ ချစ်သူ သွားချင်တဲ့ ချောင်းသာ ဖြစ်ဖြစ် ကျိုက်ထီးရိုး ဖြစ်ဖြစ် လိုက် မို့ ချင် တယ် …. အရင် ကတော့ ခရစ်စမက် ပိတ်ရက်မှာ ဘယ်မှ မသွားဖြစ်ဘူး ထင်တာပဲ … ”
 ချစ်တဲ့ခင်တဲ့သူတွေကိုဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
“ တန်ဖိုး မရှိတဲ့ christmas ကတ်လေး တစ်ခု မနှစ်က christmas မှာ ချစ်သူကိုပေးခဲ့တယ် … အဲ့ဒါ ဘဝမှာ ပထမဦးဆုံး ပေးဖြစ်တဲ့ christmas လက်ဆောင်လို့ ပြောလို့ ရပါတယ် …”
 ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
“ ရှိပါတယ် ….… မနှစ်က ခရစ်စမတ် ရောက်မို့  ၂ ရက်အလို  ဒီဇင်ဘာ ၂၂ ည မှာ ကောင်းကင်ဖြူ ကို ချစ်ခွင့် ရခဲ့ပါတယ် … အယ် …ခရစ်စမတ် နေ့ မှာတော့ ချစ်သူပေးတဲ့ ခရစ်စမတ် လက်ဆောင် တစ်ခုရခဲ့ ပါတယ် … ဒီ ခရစ်စမတ် လက်ဆောင် ဟာ ကျနော် ဘဝအတွက်တော့ ပထမဦး ဆုံး လက်ခံရရှိတဲ့ ခရစ်စမတ် လက်ဆောင် ဖြစ်သလို ကျနော် တန်ဖိုးထား ချစ်ရတဲ့ ချစ်သူ က ပေးတဲ့ အတွက် တစ်သက်လုံး အမှတ်တရအဖြစ် သိမ်းထားမို့  ဆုံးဖြတ်ထားပါတယ် …. ”
 နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
“ ချစ်သူနဲ့ ပေါ့ ဗျာ … ဒီနှစ်တော့ ဖုန်းနဲ့ ပဲ နှစ်ကူး ရတော့မယ် … ”
 New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
“ မလုပ်ဖြစ်သေးဘူး ဗျ … ”
 နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
“ ဟုတ်ရှိပါတယ် … ချစ်သူ ဘေးမှာ နေပြီ ကုန်ဆုံးချင်ပါတယ် … အယ် … ကျောင်းသား ဘဝ တုန်းကတော့ ချောင်းသာ သွားဖြစ်ပါတယ် …  
 နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
“ အယ် … ကိုယ်ပိုင် ရှာလို့ ရတဲ့ ဝင်ငွေကို နှစ်စဉ်  ခန့် မှန်း ပြီး မှတ်သား ထားတက်ပါတယ် …ဒီလောက်ပါပဲ  ”
 နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
“ မရှိပါဘူး ”
 နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
“  ဟုတ် … တခါမှ မလုပ်ဖြစ် ခဲ့ဘူး … ဖုန်း နဲ New Year wish  လုပ်တာ လောက်ပဲ လုပ်ခဲ့ ဘူးတယ်”
 ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
ဟုတ်ကဲ့ … ဒီလောက်နဲ့ ပဲ ကျေနပ် နားလည်ပေးပါ .. ဒီနေ့  အလုပ်ထဲ မှာ လက်ကို နည်းနည်း ထိထားလို့  စာအများကြီး မရေး နိုင်လို့ ပါ ….
အခုလို ရေးခွင့် ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာရပါတယ် … အထူးသဖြင့် လေဘာတီ ကန်ဒီ နှင့် အပျိုကြီး တို့ ကို တဂ် ပေးတဲ့ အတွက် ကျေးဇူးအထူး တင်ရပါတယ် …
ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်း များအားလုံး ဒီဇင်ဘာနှင်း တွေနဲ့ အတူ အေးချမ်း ပြီး ကံကောင်းခြင်းတွေ ယူဆောင်လာသော နှစ်သစ်ဖြစ်ပါစေလို့  နှင်း တွေမရှိတဲ့ ဒီနေရာကနေ ဆုတောင်းရင်း တဂ် post လေးကို အဆုံးသတ်ခွင့် ပြုပါ … ဗျာ …
မောင်ဘုန်း
Friday, December 23, 2011
cheryQQ အကြောင်း တစေ့ တစောင်း
မင်္ဂလာပါ ... ဗျာ ..ဒီနေ့  လိုင်းပေါ်ရောက်ရောက် ခြင်း မင်္ဂလာရှိတဲ့ သတင်း နှစ်ခု ကြားခဲ့ရပါတယ် ...
တစ်ခုကတော့ ကျနော် တို့ လို ပြည်ပ မှာ အလုပ်လုပ်နေတဲ့သူတွေကို မြန်မာ အစိုးရက အခွန်ကင်းလွတ် ခွင့်ပေး တော့မယ် ဆိုတာရယ် (အတိကျတော့ မဟုတ်သေးဘူးနော်) ၊ cheryQQ ကားတွေ ပြည်တွင်းမှာ ဒေါ်လာနှင့် တိုက်ရိုက်ရောင်းပေးနေပါသော ကြောင့် ပြည်တွင်းမှာ ဒေါ်လာငွေဈေး တက်သွား တယ်ဆိုတဲ့ သတင်းကြောင့် ဒီနေ့ တော့ အရင်နေ့ တွေလို ... ဟိုနား ဗုံးကွဲလို့ ၊ ဟိုနိုင်ငံမှာ ခုန်ချပြန်ပြီ ဆိုတဲ့ သတင်းတွေ ထက်တော့ ... ဒီနေ့  ဟာ မင်္ဂလာရှိတဲ့ သတင်း ပါလားလို့  တွေးမိပါတယ်...။
ကယ် ...chery QQ ကားတွေ မြန်မာပြည် သွင်းနေပြီဆိုတော့ ကား နဲ့ ပတ်သက်တဲ့ post လည်းမရေးဖြစ်တာကြာလို့ ကျနော် သိသလောက်လေး cheryQQ ကားကြောင်းလေး ပြောပြမယ်နော် ..
အခုမြန်မာပြည်မှာ ပြောနေတဲ့ cheryQQ ဆိုတဲ့ ကားတွေကို Chery Automobile Co Ltd ထုတ်လုပ်တာဖြစ်ပြီး တရုတ် Government-owned corporation လုပ်ငန်း တစ်လည်း ဖြစ်ပါတယ် ။
 Chery Automobile ဆိုတဲ့ ကုမ္မဏီ ဟာ နိုင်ငံ အစိုးရနှင့် ပူးပေါင်း ၍ လည်းကောင်း ၊ တခြာ ကုမ္မဏီ တစ်ခုနှင့် ပူးပေါင်း ၍ လည်းကောင်း နိုင်ငံတော်တော်များများ မှာ ကားထုတ်တဲ့ စက်ရုံတွေ တည်ထောင်ပြီ ထုတ်လုပ်တယ် လို့ လည်း သိရပါတယ် ... မှတ်သား မိသလောက်တော့ China ၊ Ukraine ၊Iran ၊ Chile ၊ South America ၊ Russia စတဲ့ နိုင်ငံတွေမှာ ကားထုတ်တဲ့ စက်ရုံတွေ ရှိတယ်လို့  သိရပါတယ် ။
ကမ္ဘာ့ ကားဈေးကွက်မှာတော့ တရုတ်နိုင်ငံအတွင်း ထုတ်လုပ်သော cheryQ3 ၊ cheryQ6 မှလွဲ ၍ ကျန်သော cheryA1 ၊ cheryA3 ၊ cheryA5 (တခြားအမျိုးစာ တွေရှိပါသေးသည်) ... စသော ကားတွေကတော့ အရည်သွေး အသင့်တင့် ရှိတယ်လို့  နာမည်ရ ထားတဲ့  ကားတွေ ဖြစ်ပါတယ် ... ။
အခု မြန်မာပြည်ကို သွင်းမယ် ဆိုတဲ့ ကားတွေဟာ တရုတ်နိုင်ငံ ထုတ်လို့ သိရပါသောကြောင့် cheryQ3 နှင့် cheryQ6 အမျိုးစားတွေ ပဲ ဖြစ်လိမ့် မယ်လို့  ခန့် မှန်းရပါတယ် ... ။
ထို့ ကြောင့် cheryQ3 နှင့် cheryQ6 အကြောင်းကို ပဲ ရေးတော့မယ်နော် ...
                                      cheryQ3
                               cheryQ3
                               cheryQ3
cheryQ3 
cheryQ3 ကို တရုတ် နိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပြီး အဓိက တင်ပို့ တဲ့  နိုင်ငံတွေကတော့ Iran ၊ Chile နှင့် Russia တို့ ဖြစ်ပြီး တရုတ်နိုင်ငံ ပြည်တွင်းမှာ အများအပြား အသုံးပြုနေသော ကားဖြစ်ပါတယ် 
ထိုကားကို ၂၀၀၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး model အနေနှင့် ၂၀၀၃ မှ ၂၀၀၅ ထိ ရှိပါတယ်
အမျိုးစားမှာ city car ဖြစ်၍ Body style မှာ 5-door hatchback ပုံစံ ဖြစ်ပါတယ် .. ။ အသုံးပြု ထားသော Engine  မှာ 0.8 L SQR372  နှင့် 1.1 L SQR472F I4 တို့ ဖြစ်ပါတယ် ။
Transmission(ဂီယာ)  5-speed manual နှင့် EZ-drive Semi-automatic transmission ဆိုပြီး ပုံစံ နှစ်မျိုး ထုတ်လုပ်ထားပါတယ် ။
                                    cherryQ6
                                      cheryQ6
cheryQ6
Q3 လိုပဲ တရုတ်နိုင်ငံ မှာ ထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းမှာလည်း အသုံပြုသလို Ukraine နှင့် Egypt ကို အဓိက တင်ပို့  တဲ့ ကားဖြစ်ပါတယ် ။
၂၀၀၆ model ဖြစ်ပြီး city car အမျိုးစာဖြစ်သလို  4-door sedan Body style ဖြစ်ပါတယ် ။
1.1 L SQR472F   နှင့်1.3 L SQR473F  Engine  ကို အသုံးပြုထားပြီး ဂီယာ အနေနှင့် 5-speed manual တမျိုး တည်းကိုသာ အသုံးပြုထားတာတွေ့ ရပါတယ် ။ Q3 ထက် အရည်သွေးရော တန်ဖိုးပါ သာလွန် တဲ့ ကား လည်းဖြစ်ပါတယ် ...။
ှcheryQ3 ရော Q6 နှစ်မျိုးစလုံးရဲ့ အဓိက အားသာ ချက်ကတော့ ဆီစားသက်သာတယ်လို့ နာမည်ကြီးသော ကား များ ဖြစ်ပါတယ် ... ။
အားနည်း ချက်ကတော့ တရုတ်ကားတွေ မှာ ဖြစ်တက်တဲ့  Engine အထိုင်တပ်ဆင်မှု့  အရည်သွေး ညံ့ သောကြောင့် Engine  vibreation အလွန်များ တာတွေ့ ရပြီး အသုံပြုထားသော Body သံသား အရည်သွေး အလွန် ညံ့ တယ်လို့  သိရတယ် ။ 
အောက်က ပုံတွေကတော့ cheryQ3 ကားတွေကို body အရည်သွေးစစ်ဆေး ထားတဲ့ ဓာတ်ပုံ မှတ်တမ်းလေးပါ google မှာတွေ့ တာနဲ့ ထပ်ဆင့် ဖော်ပြလိုက်ပါတယ် .. သူများတွေ က အခုမှ အသစ်ဝယ်မဲ့ ကားကို စိတ်အနှောက်ယှက် ဖြစ်အောင် လုပ်တာမဟုတ်ပါဘူး .. အရှိကို အရှိအတိုင်း ဖော်ပြရတာပါ ... ကျပ်ငွေ သိန်း ၁၀၀ ဆိုတဲ့ တန်ဖိုးနဲ့ တော့ ဒီလောက်ပဲ ရမှာ ပေါ့နော် ...
ကယ် ...နောက်ထပ် Chery Automobile မှထုတ်တဲ့ ကားတွေကို ကြည့်ရအောင်နော် ..
cheryA1
ဒီ ကား ကတော့ Ukraine နိုင်ငံမှ ထုတ်တဲ့ cheryA1 ပဲ ဖြစ်ပါတယ်  ကားရဲ့ အချက်လက်တွေက တော့ ...
Production 2007–present
Class Supermini
Body style 5-door hatchback
Layout FF layout
Engine 1.1 L 16V / 1.3 L 16V
Transmission  5-speed manual or automatic 
cheryA5
သူကတော့ Egypt နိုင်ငံမှာ ထုတ်တဲ့ cheryA5 ပါ ... သူ့ ရဲ့ အချက်လက်တွေကတော့ ...
Production 2006–present
Class                      Compact car
Engine                    1.6L ACTECO DOHC 16v
                              1.8L ACTECO DOHC 16v
                              2.0L ACTECO DOHC 16v
Transmission           5-speed manual 4-speed automatic
cheryA13
သူက cheryA13 ဖြစ်ပါတယ် Ukraine က AvtoZAZ ဆိုတဲ့ ကုမ္မဏီ နှင့် ဖက်စပ် ထုတ်တဲ့ ကားပါ .. သူ့ အတွက် အချက်အလက်ကတော့ .........
Production 2008–present
Class Subcompact car
Body style 5-door liftback
5-door hatchback
Layout FF layout
Engine 1.5 L I4
 ကယ် ဒီလောက်ဆို ကျေနပ်တော့နော် .. အရမ်းလည်းနောက်ကျနေပါပြီ နောက်ထပ်လည်း အများကြီး ရှိပါသေးတယ် ... chery15 (သို့ ) chery cowin ၊ chery X1 စတဲ့ နာမည်ရ အမျိုးစားတွေ ရှိပါသေးသည် မနက်အလုပ် ဆင်းရအုံးမှာ မို့  အချိန်များရ လျှင် ဖော်ပြပေးပါအုံးမည် ....
ခင်မင်စွာဖြင့်
စာလုံးပေါင်းသတ်ပုံတွေ မနက်ကျမှပဲ စစ်တော့မယ် ဗျာ ... အခုတော့ တင်လိုက်ပြီ ...
ဓာတ်ပုံကို google မှ ရယူဖော်ခဲ့ပါသည်
မောင်ဘုန်း
Wednesday, December 21, 2011
တစ်နှစ်ပြည့် ချစ်ခြင်း
တစ်နှစ် ပြည့်ခဲ့ ပြီ  … ချစ်သူ
ကို တို့ ရဲ့ နားလည် မှု့ တွေနဲ့  တည်ဆောက်ခဲ့တဲ့
ချစ် ခြင်း နေ့ ရက်တွေ … တစ်နှစ် တိတိ ပြည့်တဲ့ နေ့ ပေါ့ ….
ကံတရား က ကို နှစ်ယောက် ကို ဆုံ ဆည်း ခဲ့စေတယ်နော် ….
အချိန်တစ်ခု ၊ နေရာ တစ်ခု ထဲမှာ သုံးကြိမ် ဆုံ တွေ့ ဖြစ်ခဲ့တာ … တိုက်ဆိုင် မှု့ တော့ မဟုတ်လောက် ဘူးနော် … ချစ်သူ ….
ချစ်ခွင့် ရတယ် ဆိုယုံ နဲ့  ကျေနပ်နေတက်တဲ့ ကို … စိတ် ကိုလည်း အံ့သြ မိခဲ့တယ် လေ ….
အခုဆိုရင် … ကို ချစ်ခြင်းတွေ နဲ့  ထပ်တူထပ်မျှ ချစ်ခဲ့တဲ့  … ချစ်သူ ရဲ့ အချစ် တွေကို … တစ်သက်လုံး တန်ဖိုး ထားသွားမှာ ပါ .. ချစ်သူ …
ချစ်သူ ရေ … ကို …. တို့ ကို ဆုံတွေ့ ပေးခဲ့ တဲ့  ကံတရား က … ခဏ ဆိုတဲ့ အချိန် အတွင်းမှာပဲ
တစ်ယောက် တစ်နေရာ ဖြစ်အောင် လုပ်ခဲ့လို့  … နေ့ ရက်တွေ တိုင်းမှာ လွမ်း ခဲ့ရတယ်လေ …..
ကို တို့ ရဲ့ မြတ်နိုးရာ မှာ တစ်သက်လုံး ထာဝရ အတူတူ နေခွင့်ရမို့ ခဏတာ ခွဲနေရတယ် လို့  … မှတ်ယူ ခဲ့ကြတယ်နော် ….
တစ်နှစ် ဆိုတဲ့ အချိန် အတွင်းမှာ တစ်ရက် ပြည့်အောင် စိတ်မဆိုး ခဲ့ ဘူး တဲ့ ချစ်သူ ရဲ့
ကို့  …. ပေါ်ထားတဲ့ နားလည်းမှု့ တွေ ကို တန်ဖိုး ထားခဲ့ရပါတယ် ….
ချစ်သူ ရေ ….
အခုလို နေ့ မျိုးမှာ ချစ်သူ ဘေး မှာ မရှိနေနိုင်တာကို … နားလည်ပေးပါ …. ချစ်သူ …
ကို နဲ့  အတူ ထပ်တူ ထပ်မျှ လွမ်း နေမယ်လို့  လည်း ကို … ကိုယ်ချင်းစာ မိပါတယ် …
ကို တို့ ရဲ့ မျှော်လင့်ချက်အတွက် နှစ်ယောက် တူတူ ကြိုးစားနေတဲ့ အခုလို အလွမ်း နေ့ ရက်တွေ ကုန်ဆုံးတော့ မှာ ပါ … ချစ်သူ …
ကမ္ဘာတွေခြား လို့ ဝေးနေ လည်း
ချစ်သူက ကို့  အနားမှာ အမြဲ ရှိပါတယ် … ။
မနက်ဖြန် ဆိုတဲ့ နေ့ ရက်တိုင်းမှာ
အလွမ်းတွေ ပြည့်နေ လည်း
ချစ်သူက ကို့  အနားမှာ အမြဲ ရှိပါတယ် … ။
ဘဝဆိုတဲ့ မုန်တိုင်းတွေ
ကြမ်းတမ်းရိုက်ခက် ပါစေ
ချစ်သူက ကို့  အနားမှာ အမြဲ ရှိပါတယ် … ။
အချိန်တိုင်း ချစ်သူ လက်ကိုတွဲပြီး
ထာဝရ အတူရှိမဲ့ နေရက်များဆီသို့ ….. တမ်းတ လျှက်
ယခု ကြရောက်သော တစ်နှစ်ပြည့် ချစ်ခြင်း နေ့ ရက်မှ သည် နောင် နှစ်ပေါင်း များစွာထိ ….
ထာဝရ အတူ ချစ်ခွင့်ရပါစေ လို့  ဆုတောင်းမိပါတယ် ….. ချစ်သူ ….
အမှတ်တရ ..... ၂၂ .၁၂ . ၂၀၁၁
မောင်ဘုန်း
Saturday, December 17, 2011
ရတု ကဗျာ အကြောင်း တစေ့ တစောင်း နှင့် ကျနော် ၏ ပန်းရတု
မင်္ဂလာပါ … ကျနော် စိတ်ဝင်စား မိသော ရတု ကဗျာ များ နှင့် ရတု ကဗျာ ရေးဖွဲ့  ဟန် ကြောင်း ကို အခုရက်ပိုင်းမှာ လေ့လာမိပါတယ် … စာပန်းချီ ဟု တင်စား ခေါ် ဝေါ်သော ရတု ကဗျာ အကြောင်းလေး ကို  မှတ်သားမိ သမျှ အရင် ပြောပြပါမယ် ….။
ရတု ဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ `အခါရာသီ´(ရာသီဥတု)ဟု အဓိပ္ပါယ် ရ ပါသည် ။
ရတုသည် လင်္ကာ မှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည် ။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိဟု မှတ်သား ခဲ့ရပါသည် ။
ရတုတွင် တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ် ၊ နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ ၊ သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ၇-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ၀တ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် ပေါ်မူတည် ၍  သတ်မှတ် ခေါ်ဆို သည် ဟု သိရပါသည် ။
ဤ နေရာတွင် ပညာရှင်များ အငြင်းပွား ဖွယ်ရာ တစ်ခု ကိုလည်း တွေ့ ရှိခဲ့ပါသည် ။ သုံးပိုဒ် ထက်ပို၍ မဖွဲ့  ရ ဟု ဆိုသော် လည်း အပိုဒ် တစ်ရာ ထိဖွဲ့ ဆိုသော ရတု များ ကို လည်းတွေ့ ပါသည် ။
နောက်ထပ် ရတု ဖွဲ့  ဆို ပုံကို ခေါ်ဆိုရာ တွင် ပုံပြင် (သို့ ) ဇတ်တော် အကြောင်းကို ဖွဲ့ ဆို လျှင် ပျို့  (ပျို့ ရတု ဟုမခေါ်) ၊ သမိုင်းဝင်ဖြစ်ရပ် တစ်ခုကို ဖွဲ့ ဆို လျှင် မော်ကွန်းရတု ၊ ခရီးသွာ (သို့ ) တောထဲသွား သည့် အကြောင်း ကို ဖွဲ့  ဆို လျှင် တောလားရတု ဟုခေါ်ဆိုသည် သလို လေးလုံးစပ် လေးဆစ် ရတု ၊ စကြာဟုခေါ်သော ထပ်ဆင့် ဖွဲ့ ရသော ရတု နှင့် အခြားသော ရတု များလည်း ရှိသည် ဟု မှတ်သားရပါသည် ။
ဤ ကဲ့သို့  ရတု ခေါ်ဆို ပုံ အမျိုးမျိုး ကွဲ လွဲနေသောကြောင့် ယနေ့ ခေတ် တိုင် ပညာရှင်များ  ဤသည်ကာ လင်္ကာ ၊ ဤသည်ကာ ရတု ဟု အငြင်းပွား ဖွယ်ရာ ဖြစ်ခဲ့ရပါသည် ။
မြန်မာ စာပေတွင် ပုဂံ ခေတ် မှစ ၍ ရတု ပေါ် လာခဲ့ဟု ယူဆ ခဲ့ပါသည် ထိုသို့ ယူဆ သော် လည်း
ပုဂံခေတ် ‎ပေါ် ရတုများကို မျက်ဝါးထင်ထင် မတွေ့ရှိ ခဲ့ပေ ။ ရတုသဘော သက်ဝင်သော လင်္ကာတိုကလေးများကို ‎တွေ့ရှိရခြင်းဖြင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများတွင် ကာရန်အစပ်အဟပ်ညီသော အဖွဲ့ကလေးများကို တွေ့ရ ‎ခြင်းဖြင့် လည်းကောင်း၊ ထို ထင်မြင်ယူဆချက်မှာ မှားသည်ဟု မဆိုနိုင်ပေ။ ဥပမာ ပြရမည်ဆိုသော် သက္ကရာဇ် ၅၃၆ ခုနှစ် ‎နရပတိစည်သူ မင်းကြီးလက်ထက်တွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ်သည် မင်းပြစ်မင်းဒဏ် ‎ရာဇသံကြောင့် သေရအံ့ဆဲဆဲတွင် ရေးခဲ့သော ...‎
“ သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"‎ အစရှိသည့် လင်္ကာတိုကလေးကို ဖွဲ့ဆိုခဲ့သည်ကို ထောက်၍လည်းကောင်း ……     
 ထို ခေတ်ထိုကာလလောက်ပင် ဖွဲ့ဆိုသည်ဟု ‎ယူဆသော ...‎
"သိုးကလေး။ ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ‎ရွှေနှင့်ယိုးမှား၊ ပန်းစကား"‎ အစရှိသည့် ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာသည်လည်းကောင်း
ထို့ပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုသည်ဟု ယူဆ ရသော ...‎ ‎" မြကန်သာ” …..
တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ‎ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"‎ အစရှိသော 'မြကန်ဘွဲ့' လင်္ကာတိုကလေးသည်လည်းကောင်း …..
ပဒလေးလုံး၊ ပဒသုံးလုံးဖြင့် အစချီ၍ လေးလုံးစပ် ကာရန် ‎ဖြင့် ဖွဲ့ဆိုပြီးလျှင် အချအပိုဒ်တွင်လည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့သည်ဖြစ်၍ လင်္ကာဟုပင် တပ်အပ်ခေါ်သော် ‎လည်း စင်စစ်သော်ကား ရတုသဘော သက်ဝင် နေသည် ဟု မှတ်သား ခဲ့ရပါသည် ။
မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်ကို လည်း တွေ့ ရပါသည် ။
ရတုကဗျာအဖွဲ့မှန်ဟု ဆိုအပ်သော စတုရင်္ဂဗလ အမတ်ရေးသည့် ရတု မှာ  ...‎…..
“ ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ ‎စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ” ……. အစချီသောရတုကို မယ်ဘွဲ့၊ မောင်ဘွဲ့ ‎မဟုတ်သောကြောင့် ဓမ္မသဘောသက်ဝင်သည့် ရတု ဟု ခေါ် ဆိုကြသည် ။
အင်းဝခေတ်မှ အစပြု၍ ရတု ဖွဲ့ ဆိုမှု့ မှာ ထွန်းကားလာခဲ့သည်ဟု မှတ်သားရပါသည် ။ ထိုခေတ်တွင် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုများ ‎ပေါ်ပေါက် လာခဲ့ပြီ ။ သက္ကရာဇ် ၉၀၀-ကျော်လောက်တွင် ရတုနဝဒေးကြီးဟု ကျော်စောထင်ရှားသော စစ်ကိုင်း ‎ထောင်သင်းမှူး(ခေါ်) စလင်းလက်ျာ(ခေါ်)ပြည် န၀ဒေးကြီးသည် ရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးမျှကို စပ်ဆို ဖွဲ့နွဲ့ ခဲ့သည်ဟု မှတ်သားရပါ သည် ။
ထိုနောက် တောင်ငူခေတ်တွင် နတ်သျှင်နောင် ရတုကဗျာအဖွဲ့ ‎သည် များစွာ ခေတ်စားလာပြီးလျှင် လူပုဂ္ဂိုလ်တို့ အများအပြားဖွဲ့ဆိုလာကြသဖြင့် ထိုတောင်ငူခေတ်ကို ရတုခေတ်ကြီး ဟူ၍ ‎လည်း ခေါ်တွင်ခဲ့သည် ဟု မှတ်သားရပါသည် ။‎
ဤ သည်မှာ ကျနော် လေ့လာ မှတ်သားမိ သော ရတု ကဗျား များ ၏ သမိုင်းဖြစ်ပါသည် ။ယနေ့  ခေတ် တွင် ရတု ကဗျာ ဖွဲ့  ဆိုဟန် မှာ ပြောက်ကွယ် ပြီ ဟု ပြောရအောင် ရှားပါး နေပါပြီ ။
အထက်မှာ ပြောခဲ့ သလို ရတု ကဗျာ အမျိုးမျိုး အယူဆ လွဲနေသော် လည်း ရတု ဖွဲ့ ဆိုသော စာဆိုရှင် သည် လင်္ကာ ကို ပိုင်ပိုင် နိုင်နိုင် ကျွမ်းကျင်မှ သာ ရေးဖွဲ့  နိုင်သည် ဟု မှတ်ချက် ချမိပါသည် ။
အင်းဝခေတ် စာဆိုတော် ရှင်သီလဝံသ ရေးသော အောက်ပါ ရတု ကို ဖတ်ကြည့်ပါ
“ နွယ်လှ ရိုးတံ ၊ နွယ်လျှံ နွယ်ပြူး
နွယ်ဖူး ရှက်ထွေး ၊ နွယ်လေး တလိုက်
နွယ်နွယ် ဆိုက်သား ၊ နွယ်၌ စွဲလာ
နွယ် ဂီဝါမူ ၊ နွယ်သာ ခြုံမည်
နွယ်ရှည် ရွက်ဝန်း ၊ နွယ် စိမ်းလန်း၍ ”…… စသော “ နွယ် ” ဟူသော စကားလုံးကို ထပ်ဆင့် ဖွဲ့  ၍
စပ်ဆိုခဲ့ သော စာဆိုရှင် ၏ လင်္ကာ ပိုင်နိုင်မှု့  မှာ အံ့သြ ၍ မဆုံးနိုင် အောင် ဖြစ်ရပါသည် ။
ဤကဲ့သို့  “ နွယ် ” ဟူသော စကားလုံး ထပ်ဆင့် ဖွဲ့ ဆိုထားသောကြောင့် စကြာရတု ဟု ခေါ်ဆိုကြောင်းကို လည်း မှတ်သားခဲ့ ရပါသည် ။
ထိုကဲ့ သို့ စိတ်ဝင်စား ဖွယ်ကောင်းသောကြောင့် ရတု ကဗျာ များ စွာကို လက်လှမ်း မှီ သမျှ ရှာဖွေ ခဲ့ပြီး လေ့လာ ခဲ့ပါသည် ။ အထူး သဖြင့် စကြာရတု ဟု ခေါ်သော ရေးဖွဲ့ ဟန် ကို အလွန် ကြိုက်မိ၍
အထက်ဖော်ပြပါ ရှင်သီလဝံသ ဖွဲ့ ဆိုသော ရတု ကို အကြိမ်ကြိမ် ဖတ်မိပါသည် ။
ထိုသို့  ဖတ် နေ ရင်း ကျနော် မောင်ဘုန်းမှာ မတန်မရာ စိတ်ကူး တစ်ခု ဝင်လာမိတော့သည် ။ ကျနော် ၏ စိတ်ကူးမှာ စကြာရတု တစ်ပုဒ် လောက် ရေးကြည့် မည် ဟု တွေးမိတော့၏ ။
စာတစ်ပုဒ် ကိုပင် ဖြောင့်အောင် မရေးတက်သော ကျနော် မှာ မတန်မရာ စိတ်ကူးကို
“ စမ်းကြည့်မည်” … ဟု တွေးကာ အသက်ကြီးလာ လေလေ ချာ လေလေ ဖြစ်သော ကျနော် ၏ ဦးနှောက် ကို လက်ပူတိုက် ၍ ရှာဖွေ ရသမျှ စာဆိုတော်ကြီးများ ၏ ရတုကဗျာ များကို အတုယူ   ကာ စကြာရတု တစ်ပုဒ် ရေးမိပါတော့ သည် …။
နှစ်ရက် ခန့် ကြာသော အခါ “ ပိုဒ်စုံစကြာ ရတု ” (သုံးပိုဒ် ရှိသောကြောင့် … ပိုဒ်စုံ ၊                 ထပ်ဆင့်   ဖွဲ့ ဆိုသောကြောင့် စကြာ …. ထို့ ကြောင့် ပိုဒ်စုံစကြာ ဟု ကိုယ့်ဘာသာ ပေးလိုက်ခြင်းသာ) တစ်ပုဒ် ကို အောင်မြင်စွာ ရေးဖွဲ့ နိုင်ခဲ့ပါသည် ။
ကဗျာ လေး ၏ နာမည် ကိုတော့ “ ပန်းရတု ” ဟုအမည်းပေးခဲ့ပါသည် … ကျနော် ကဗျာ မှာ အောက်ပါအတိုင်း ဖြစ်ပါတော့ သည် ….။
 ပန်းရတု
ပန်း လှ ဝတ်ဆံ ၊ ပန်းဖူး ပန်းပွင့်
ပန်းဖြူ ရောင်နှော ၊ ပန်းပွင့် တစ်သိုက်
ပန်း .. ပန်း .. ထပ်လည်း ၊ ပန်း သစ္စာတည်
ပန်း ၌ သာစွဲ ….
ပန်း ခ နန်းစံ ၊ ပန်း လှ စံပျက်
ပန်း နံ့ ရယ်ပြေ ၊ ပန်း ပွင့် ရယ် ခြောက်
ပန်း နွယ်  တောဖြစ် ၊ ပန်း လှ ပျက်လည်း
ပန်း ၌ သာစွဲ ….
ပန်း ပျိုးလက် မို့  ၊ ပန်း  အလှ ကို
ပန်း ထက် မြတ်နိုး ၊ ပန်း လှ ပွင့်စေ
ပန်း အတွက် သာ ၊ ပန်း ပန် တော့ပါ
ပန်း ချယ်ရီ  ငယ်  ….. …
မောင်ဘုန်း
ကိုးကား
စာရေးဆရာ မောင်သာနိုး ရေးသော ဂ န္ထဝင် မြန်မာ့ ကဗျာ
စာရေးဆရာ ဦးဖေမောင်တင် ရေးသော မြန်မာ့ စာပေ သမိုင်း
online စွယ်စုံကျမ်း မှ ရတု ရှင်းလင်းချက်
အထက်ပါ စာအုပ်များ ကို ကိုးကား ၍ ကျနော် ၏ ထင်မြင်ချက် သက်သက် ကို ရေးသားမိပါသောကြောင့် တခြားသော  ကျမ်း စာပေ  သို့ မဟုတ် တစ်စုံ တစ်ခု လွဲ မှား နေပါ လျှင် ကျနော် ၌ သာ တာဝန် ရှိပါသည် 
 မောင်ဘုန်း