Pages

Sunday, August 31, 2014

Blog day နှင့် အမှတ်တရများ







အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော blog day  နေ့ လေးပါ  ။ ဒီနေ့ တော့ blog day နှင့် အမှတ်တရ လို့  အမည်ပေးတဲ့  ခေါင်းစဉ်လေးအောက် မှာ ကျနော် blog လေးရဲ့ အမှတ်တရ တချို့ နဲ့  ထုံစံအတိုင်း ဆိုင်တာတွေရော မဆိုင်တာတွေရော ရေးချင်ရာတွေ ချရေးပါတော့မယ်…..။ ဒီ post လေး ရေးဖြစ်အောင် သတိတရ တဂ် ပေးတဲ့ အန်တီတင့် အထူးကျေးဇူးတင်ပါ တယ် ။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကျော်လောက်က blog day တဂ်ပို့ စ် ကို ပထမဦးဆုံးစရေးဖြစ်ခဲ့ ပါတယ် ။ အဲ့ဒီ တဂ်ပို့ စ် လေးကနေ ပဲ ကောင်းကင်ဖြူ ဆိုတဲ့ blog လေး ဖြစ်လာတာပါ ။ ဒီ blog day တဂ်ပို့ စ် ကနေ စပြီး လက်တွဲခေါ်ယူ တဲ့ blogger များရဲ့ ကျေးဇူးကြောင့် ကောင်းကင်ဖြူ ဆိုတဲ့  blog လေးကို အသိမှတ်ပြုခံခဲ့ရတာပါ … ။




နောက်ပိုင်းမှာ ပုံမှန်စာတွေ ရေးခဲ့ပါတယ် ။ ဒီလိုနဲ့  blogger မချော(အစိမ်းရောင်လွင်ပြင်) ကျေးဇူးကြောင့် ကျနော် ရေးတဲ့ ကားနဲ့ ပတ်သက်တဲ့ ပို့ စ် တော်တော်များများကို မဂ္ဂဇင်း မှာ ဖော်ပြခွင့် ရခဲ့သလို  ထိုင်းအခြေစိုက် MOB မဂ္ဂဇင်း မှာ ဆောင်းပါး ကဗျာလေးတွေ ဖော်ပြခွင့်ရတဲ့ အထိ ကောင်းကင်ဖြူလေး က အသက်ဝင်ခဲ့ပါတယ် ။

ဒီလိုနဲ့  ၂၀၁၃ နှစ်စ ပိုင်းလောက်မှ စာသိမ့်မရေးတော့ပါဘူး ။ အကြောင်းက အလုပ်ချိန်များသွားလို့ ပါ ။ စာရေးတယ်ဆိုတာလည်း ခက်သား ပဲ ။ အလုပ်မအားလို့  မရေးဖြစ်ရာကနေ မရေးချင်တော့တဲ့ အခြေအနေေ၇ာက် သွားပြန်ရော ။ နောက်တစ်ခုက FB ဒုက္ခ ပေးတာပါ …. ။ မြင်မြင်သမျှ သတင်းဆိုက်တွေ like လုပ် မလွတ်တမ်း ဖတ် ပြီးရင် တစ်ယောက်တည်း ဒေါသတွေ ထွက် ၊ တစ်ယောက်တည်း ထိုင်ရီ ၊ တစ်ယောက်တည်း ကျေနပ်ပီတိတွေ ဖြစ် ရင်း …. မသိမသာအခြေအနေ မှ သိသိသာသာ FB ဆွဲတဲ့ ရောဂါ ရလာပါတော့တယ် ။

အဲ့လိုနဲ့  ….. အလုပ်ထဲလဲ FB ၊ အလုပ်နားချိန် လေး ရလည်း FB ဖြစ်နေတော့ ။ ကိုယ့် ရောဂါ ကိုယ့်ဘာသာ ပြန်ကု ရတာပေါ့ ။ စာတွေ ပြန်ရေးပါတယ် …။ blog အတွက် မရေးဖြစ်တော့ဘူး ။ FB မှာ  ထင်ရာတွေ ရေးကြတာ  မကြာမကြာတွေ့ ရတော့ … ကိုယ်တိုင်အကြောင်းအကျိုးခိုင်လုံမှုမရှိတာတွေ ရေးချင်စိတ် မရှိတော့တာပါ ။ ဒီတော့ ကိုယ်အလုပ်က ကားနဲ့ ပတ်သက်တာတွေ ရေးတယ် ။ သူငယ်ချင်းတစ်ယောက် ဖိတ်ခေါ်မှုနဲ့  ကားသတင်းနည်းပညာဆိုက်မှာ တစ်ပတ် post တစ်ပုဒ်လောက်ရေးဖြစ်တာ ယနေ့ ထိပါပဲ ။

ကောင်းကင်ဖြူဆိုတဲ့ ကျနော် blog မှာ စာတွေ ပုံမှန်ပြန်ရေးဖြစ်တော့မယ်ထင်ပါတယ် …. ။ ဘာဖြစ်လို့ လဲဆိုတော့ နောက် ၃ ရက်လောက်ကြာရင် ကျနော် ဘဝအတွက် အရာရာ အသစ် ကနေပြန်စရမဲ့ အခြေအနေတစ်ခုပါ … ။ ဟုတ်ပါတယ် ၈နှစ် ဆိုတဲ့ အချိန်ဟာအရာအားလုံး ပြောင်းလဲ စေခဲ့ပါပြီ … ။ အိပ့်တန်းပြန် လွမ်းချင်း ကဗျာတွေ မကြာမကြာ ရေးတက်တဲ့ ကျနော် အတွက် နောက် ၃ ရက် ဆိုတဲ့ အချိန်မှာ အမိမြန်မာပြည်ကို ပြန်ရပါတော့မယ် …. အရာအားလုံး ကျနော်အတွက် အသစ်ဖြစ်ပါပြီ ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကောင်းကင်ဖြူဆို တဲ့ blog လေးဟာ ကျနော် အတွက် ထာဝရအမှတ်တရ တစ်ခုဖြစ်သလို ကျနော်ဘဝရဲ့ မှတ်တမ်းလေးဆိုလည်း မမှားပါဘူး ။ ဒီ blog လေးကို ဒီပုံအတိုင်း ပဲ ကျနော် သက်ရှင်နေသမျှ ဆက်လက်ရေးသားသွားမယ်လို့  ဆုံးဖြတ်ထားပြီးသားပါ ။
စာတွေ မရေးဖြစ်ပင်မဲ့ သတိတရ တဂ် ပေးတဲ့ အန်တီတင့် နဲ့  ကောင်းကင်ဖြူစာမျက်နှာထက်က ကျနော်ရဲ့ ခံစားချက်တစ်ချို့  ကိုမျှဝေအားပေးတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အတိုင်းမသိ ကျေးဇူးမိပါတယ် ….။

ယနေ့  ကျရောက်တဲ့ Blog day နေ့ မှသည် blogger မိတ်ဆွေ သူငယ်ချင်းများ ကျန်းမာပျော်ရွှင် လိုရာပြည့်ရပါစေလို့  ကျနော် မောင်ဘုန်းက လေးလေးနက်နက် ဆုတောင်းလိုက်ရပါတယ် …. ခဗျာ ….  


မောင်ဘုန်း 








Thursday, May 1, 2014

အစိမ်းရောင် ဥပဒေ



ဥပဒေဆိုသည်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အခြေပြုပြီး ရေးဆွဲထားတဲ့ စည်းမျဉ်စနစ်ကို ဆိုလိုပါတယ် ။ မိမိတိုင်းပြည်အတွက် နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှုရေး တို့ ကို ဖော်ဆောင် ရာမှာ လူအချင်းချင်းဆက်ဆံရေးအတွက် ကြားခံညှိနှိုင်းပေးတဲ့ စနစ် တစ်ခုသာ ဖြစ်ပါတယ် ။

ဒါပင်မဲ့ ဥပဒေလို့  ဆိုလိုက်တာနဲ့ မြန်မာလူမျိုးများရဲ့ အတွေးထဲမှာ အကြောက်တရားတစ်ခု ရှိနေတက်ပါသည် ။ တရားရုံးဆိုသောနေရာများ က အတိတ်နိမိတ် မကောင်းတဲ့ နေရာတစ်ခုလို့  ရှေ့ အစွဲအဖြစ်ခဲ့ရတာ ယနေ့ အချိန်ထိ ရှိနေဆဲပါ ။ ဥပဒေဆိုတဲ့ စကားရပ် ဟာ မြန်မာလူမျိုးများအတွက်တော့ ခပ်စိမ်းစိမ်း ဖြစ်နေတဲ့ အစိမ်းရောင်လွမ်းသော ဥပဒေများသာ ဖြစ်နေခဲ့ပါ တယ် ။

မြန်မာ့ ဥပဒေသမိုင်းကိုကြည့်မယ်ဆိုရင် ၁၂၄၀ခုနှစ်မှာ ယောမင်းကြီးဦးဘိုးလှိုင်ဟာ ရာဇဓမ္မ သင်္ဂဟ ကျမ်းကို ရေးသားပြုစုခဲ့ ပါတယ် ။ ဒီကျမ်းတော်တစ်ခုလုံးဟာ မြန်မာ့ ထုံးတမ်းစဉ်လာ ဥပဒေလို့  မဆိုသာပင်မဲ့ နောင်နှစ်ပေါင်းများစွာထိ ကျမ်းတော်အတွင်းမှ ဖြတ်ထုံးများကို ပြည်သူ့  တရားစီရင်ရေးမှာ မြန်မာ့ ထုံတမ်းစဉ်လာ ဥပဒေအဖြစ် အသုံးပြုခဲ့ပါတယ် ။  ရာဇဓမ္မ သင်္ဂဟ ကျမ်း တော်ဟာ  သက်ဦးဆံပိုင် ဘုရင်စနစ် အုပ်ချုပ်မှု ကို တော်လှန်ပြီး ၊ ပြည်သူ့ အာဏာဖြင့် အုပ်ချုပ်မှု ပုံစံကို ဖော်ပြခဲ့ပါတယ် ။ မြန်မာ့ အနာဂတ် အုပ်ချုပ်မှု ပုံစံလည်း  ဖြစ်စေခဲ့ပါတယ် ။ ရှင်ဘုရင်ကတော့ ရာဇဓမ္မ သင်္ဂဟ ကျမ်းကိုလက်မခံတဲ့အပြင် အကြောင်းရှာပြီး ယောမင်းကြီးဦးဘိုးလှိုင်ကို ရာထူးချ ခဲ့ပါတယ် ။

ဒီနောက်ပိုင်း ခေတ်အဆက်ဆက် မြန်မာ့ ဥပဒေများကို ပြောရရင် ……
-       လွတ်လပ်ရေးမရမှီ ကာလ နှင့် ပါလီမန် ကာလ ၁၉၅၄ ခုနှစ်အထိ (မြန်မာ့ နိုင်ငံရေး ဥပဒေ အတွဲ ၁မှ ၁၃ အထိ) (ဥပဒေ ၂၁၄ခု)
-       ပါလီမန် ကာလ (၁၉၅၅ ခုနှစ်မှ ၁၉၆၂ နှစ်ခု မတ်လ အထိ ) ( ဥပဒေ ၅၆ ခု)
-       တော်လှန်ရေးကောင်စီကာလ(၁၉၆၂ ခုနှစ် မတ်လမှ ၁၉၇၄  မတ်လ အထိ) (ဥပဒေ ၇၈ ခု)
-       ပြည်သူ့ လွတ်တော်ကာလ ( ၁၉၇၄ မတ်လမှ ၁၇. ၉ . ၁၉၈၈ အထိ ) (ဥပဒေ ၆၀ခု)
-       နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့  ကာလ ( ၁၈၊ ၉၊ ၁၉၈၈ မှ ၁၄ ၊ ၁၁၊ ၁၉၉၇ အထိ ) (ဥပဒေ ၈၄ ခု )
-       နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ (၁၅၊၁၁၊၁၉၉၇ မှ ၁၄ ၊၁၂၊ ၂၀၁၀ အထိ ) (ဥပဒေ ၇၄ ခု )

ယနေ့  အချိန်မှတော့ ၂၀၁၀ ဒီဇင်ဘာလ နိုင်ငံပိုင်သတင်းစာမှ ဖော်ပြချက်အရ တည်ဆဲဥပဒေ ၅၆၆ ခု ရှိပြီး ဆက်လက်ကျင့်သုံးရန်မလိုအပ်တဲ့ ဥပဒေ ၁၇၆ နဲ သက်ဆိုင်ရာစီမံခန့် ခွဲရေးဆိုင်ရာ  ဥပဒေ ၃၉၀ ခု ရှိတယ်လို့  သိရပါတယ် … ။

ခေတ်အဆက်ဆက် ဥပဒေများ ရှိခဲ့ပင်မဲ့  နိုင်ငံရေး ၊ စီးပွားရေး နဲ့  လူမှုရေးတိုးတက်မှု ဖော်ဆောင်ရာမှာတော့ မြန်မာဥပဒေများဟာ ကြားခံညှိနှိုင်းရေးစနစ် တစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ မြန်မာပြည်သူလူထုအတွက် ဥပဒေဆိုတာ အကြောင်တရား တစ်ခု အဖြစ် ပြောင်းလဲစေခဲ့သလို ၊ ဥပဒေ ဆိုတဲ့စကားရပ်ဟာ ကျနော် တို့  မြန်မာလူများအတွက်တော့ ခပ် စိမ်းစိမ်းဖြစ် စေခဲ့ပါတယ် ။

သက်ဦးဆံပိုင် ဘုရင်စနစ်မှသည် ယနေ့ အချိန်ထိ အုပ်ချုပ်ရေးအစိုးရများ နာမည်အမျိုးမျိုးပြောင်းခဲ့ပင်မဲ့ ဥပဒေဆိုတာကို အသက်သွင်း လေးစားမို့  မျက်ကွယ်ပြုခဲ့တာ မြန်မာလူများအတွက် တိုက်ဆိုင်လွန်းတဲ့ ဖြစ်ရပ်တစ်ခုပါ ။ တရားဥပဒေ စိုးမိုးမှု အားနည်းနေပါလျှက်  ခေတ်အဆက်ဆက် အစိုးရများ နိုင်းငံရေး ၊ စီးပွားရေး တိုးတက်အောင်ဖော်ဆောင်နေပါသည် ဟု ဖော်ပြချက်များက တကယ်ကို အံ့သြ စရာ တစ်ခုဖြစ်ပါတယ် ။

ဥပမာတစ်ခုအနေနဲ့  ပြောပြရင် မြေယာသိမ်းခွင့် ဥပဒေ ဆိုတာရှိပါသော်လည်း ခေတ်အဆက်ဆက် မည်သည့်အစိုးရမှ လိုက်နာလေးစားခြင်း မရှိတဲ့အတွက် ယနေ့ အချိန်မှာတော့ အစိုးရနှင့် ပြည်သူကြား မြေယာပိုင်ဆိုင်ခွင့် ပြသာနာ ဟာ တနေ့ တခြား  အငြင်းပွားဖွယ်ရာများ ဖြစ်စေခဲ့ပါတယ် ။

ဒီလို ဥပဒေပြုအစိုးရများ ကိုယ်တိုင် လေးစားခြင်းမရှိတဲ့ ဥပဒေ ဆိုတာ ဟာ ပြည်သူများအတွက်တော့ အာဏာရအကြောက်တရား တစ်ခုအဖြစ်ပြောင်းလဲစေသလို ၊ ဥပဒေမဲ့ ဈေးကွက်များ ကိုအင်းအားကြီးထွား ဖြစ်စေခဲ့ပြန်ပါတယ် ။ ဥပဒေမဲ့ဈေးကွက်များဟာ ပြည်သူများ စားဝတ်နေရေး အတွက် အားကိုးစရာ တစ်ခု ဖြစ်စေခဲ့သလို ၊ ဥပဒေမဲ့ ဈေးကွက်များကြောင့် ပြည်သူ့ ကျန်းမာရေး ၊ ပြည်သူ့  စီးပွားရေး ၊ ပြည်သူလုံခြုံ ရေး ဆုံးရှုံးမှု များကို နှစ်စဉ်မြင်တွေ့ နေရသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှပါတယ်

ကျနော်တို့  အတွက် လုံးလောက်သော သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကိုလိုနီ တွေရဲ့ နယ်ချဲ့  ဝါဒကို မကောင်းဘူးလို့ ပြောနေယုံနဲ့  နယ်ချဲ့ စနစ်ကြီးတစ်ခုလုံးပျောက်မသွားခဲ့လို ၊ ဂျပန်ဖက်စစ် စနစ်ရဲ့ယုတ်မာ ကြမ်းတမ်း ပုံကို မကောင်းဘူးလို့  ပြောနေယုံနဲ့ လည်း မပျောက်ခဲ့ပါ ဘူး ။ကျနော် တို့ ဘိုးဘွားများက လက်တွဲကာ အသက်ကိုရင်းပြီး နယ်ချဲ့ စနစ်ကို တိုက်ထုတ်ခဲ့သလို  ၊ ဖက်စစ် စနစ်ကို တွန်းလှန် ခဲ့ ကြပါတယ် ။

ဒီလိုပါပဲ ခေတ်အဆက်ဆက် အစိုးရများ ဥပဒေကို မျက်ကွယ်ပြုတယ်လို့  အတိုက်အခံ ပြောနေယုံနဲ့ တော့ ကျနော် တို့  အတွက် ဥပဒေ ဆိုတာ အစိမ်းရောင်  ဖြစ်နေပါအုံးမည် ။ အစိုးရနဲ့  လူထုအခြေပြုအဖွဲ့ စည်းများ ၊ ပြည်သူတစ်ရပ်လုံးပါဝင်မှသာ ကျနော်တို့  ရဲ့ အစိမ်းရောင် ဥပဒေများ ပြည်သူ့ အကျိုးပြု ဥပဒေ ဖြစ်ရပါတော့မည် ။


မောင်ဘုန်း

ကိုးကား
http://my.wikipedia.org/wiki/
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၈)


Sunday, April 13, 2014

ကျနော်တို့ သင်္ကြန်



မနက်ဖြန် သင်္ကြန် ကျတော့မည် ။ မြန်မာတို့  အယူအဆ ဆိုရင်မနက်ဖြန် ည သကြားမင်းဆင်းမည် ။ တကယ်တော့ ဒီကိစ္စ ဘယ်သူမှ မသိလိုက်ပါ ။ သိကြားမင်းက မနေ့ က ည ကတည်းက လူ့ ပြည်ကို ကျနော်ရဲ့ ဖိတ်ကြားမှု နဲ့ အရေးပေါ် ဆင်းလိုက်ရပါသည် ….. ။ ဇတ်လမ်းက အဲ့မှာ အစ တာပါပဲ …… ။

သင်္ကြန်လို့  ဆိုလိုက်တာ နဲ့  ကျနော် တို့  မြန်မာလူမျိုးတိုင်း ကြီးကြီးငယ်ငယ် အမှတ်တရတွေနဲ့  ပြည့်နေတက်ပါတယ် ။ ကျနော် အတွက်တော့ သင်္ကြန်ဆိုတာ ၁၀ စုနှစ် အချိန်တစ်ခုလောက် ခပ်စိမ်းစိမ်း ဖြစ်ခဲ့ရပင်မဲ့  ဒီနှစ်အတွက်တော့ အထူးခြားဆုံးလို့  မှတ်တမ်းတင်လောက်ပါတယ် ။ မြန်မာတို့  သင်္ကြန်ပွဲတော်ကို မြန်မာလူမျိုးတိုင်း ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာ ရောက်ရောက်  ပျော်ရွှင်စွာ ကျင်းပ တဲ့ အထဲမှာ ကျနော် တို့ လည်းအပါအဝင် ပေါ့ ။

ဟုတ်ပါသည် … ။ မြန်မာပြည်ရဲ့ အဝေးမှာ အလုပ်လုပ်နေကြတဲ့ ကျနော်တို့  စက်ရုံမှာ မြန်မာ လူမျိုး အလုပ်သမား ၄၀ ကျော်ခန့် ရှိပါတယ် ။ ဒီနှစ် သင်္ကြန် မကျမှီ ၂ ပတ်လောက်အလိုကတည်းက စက်ရုံထဲမှာ အလုပ်လုပ်ရင်း သင်္ကြန် လုပ်မှာလား ၊ မလုပ်ဘူးလား ဆိုတဲ့ မေးခွန်းက MH370 နဲ့  အပြိုင် နာမည်ကြီးခဲ့တာပါ ။

တကယ်တော့ ဒီမေးခွန်းက မဖြစ်သင့်တဲ့ မေးခွန်းတစ်ခုပါ ။ ဒီစက်ရုံမှာ နှစ်တိုင်း ကျင်းပနေကျ အစဉ်အလာ တစ်ခု ဖြစ် ရဲ့နဲ့  မေးစရာမလိုအောင် ဖြစ်နေရမှာပါ ။ အခုတော့ သင်္ကြန်ပွဲကို လုပ်ဖြစ် ၊ မလုပ်ဖြစ် အခြေနေထိရောက်လာကြတာပေါ့ ။ ခက်တာက ဦးဆောင်ကျင်းပမဲ့ ခေါင်းဆောင်လိုနေပါတယ် ။ တာဝန်ရှိတဲ့သူတွေကလည်း ခေါင်းရှောင် နေကြပါတယ်။ဒီလိုနဲ့  နောက်ကနေတွန်းလို့  ရှေ့ ရောက်လာတယ် ဆိုသလို မောင်ဘုန်းတစ်ယောက် သင်္ကြန်ပွဲ ဖြစ်မြှောက်ရေးအတွက် ခေါင်းဆောင် လုပ်မယ်လို့  ဆုံးဖြတ်ခဲ့ပါတယ် ။

အဲ့မှာ စလွဲကြတာပဲ ….. ။ နေရင်းထိုင်ရင်း ဆရာကြီးတက်လုပ်တယ်လို့ ဆိုတဲ့သူများက တစ်ဖွဲ့  ၊ သင်္ကြန်ပွဲဖြစ်မြှောက်စေချင်တဲ့ သူများက တစ်ဖွဲ့  ။ တိတ်တိတ်လေးနေပြီး မသိချင်ဟန်ဆောင်တဲ့သူက တစ်ဖွဲ့  ၊ ဟိုဘက်လည်း ပါ ဒီဘက်လည်းပါ နှစ်ဖက်ချွန် သုံးဖက်ချွန် လုပ်သူများက တစ်ဖွဲ့ ဖြစ်ကုန်ကြပါတယ် ။ ရှေ့ ကသွားတော့လည်း အီးပေါက် ၊ နောက်ကလိုက်ပါဆို လည်း ဖိနပ်နင်းခံရသလိုပါပဲ ။ ဒီလိုလူမညီကြတဲ့ ကျနော် တို့  မြန်မာအလုပ်သမားတွေကို သူဌေးလုပ်သူ အမိန့် နဲ့  သင်္ကြန်ပွဲ ဖြစ်မြှောက်ရေး အတွက် မောင်ဘုန်း ခေါင်းဆောင်ရမယ်လို့  တရားဝင် ခန့် အပ်လိုက်ပါတယ် ။
အယ် …. နောက်နေ့ မှာတော့ အကြီးမားဆုံး စလွဲကြပြန်ပါတယ် ။

သင်္ကြန်က ဒီနှစ် ၁၃ရက်နေ့ ကနေ ၁၇ရက်ထိပါ ။ အဲ့ရက်မှာ သူဌေးက လုပ်ပိတ်ရက် မပေးနိုင်ပါဘူးတဲ့  ။ ၁၁ရက်နေ့  နဲ့  ၁၂ ရက်နေ့  ကို မြန်မာ အလုပ်သမားများ သီးသန့်  အလုပ် ပိတ်ပေးမယ် သင်္ကြန်အတွက် ပြင်ဆင်မို့ ၁၀ ရက်နေ့  တပိုင်း ပိတ်ပေးလို့  အကြောင်းပြချက် များစွာဖြင့်  ပြောပြပါတယ် ။ သဘာဝတော့မကျပါ ။ သင်္ကြန်ကို သင်္ကြန်ရက်လေးမှာ လုပ်ချင်ပါသည် ။  သူဌေးကို  အတိုက်ခံပြောရပါသည်  ။ ဘယ်လိုမှ ပြောမရပါ အခြေနေက ငါပြောတဲ့ နေ့  လုပ်ရင် မလုပ်ရင် အလုပ်ဆင်းကြပါတဲ့ …. ။

နဂိုကမှ လူက မညီ ၊ သင်္ကြန်ကို ၁၁ ရက်နဲ့  ၁၂ ရက်နေ့  လုပ်မယ်လို့  မောင်ဘုန်းက အကျိုးကြောင်းနဲ့  ပြောလိုက်ရော အယောက် ၄၀ ကျော်တဲ့ မြန်မာ အလုပ်သမားများ ၁ ယောက်တစ်မျိုး ၊ ၂ ယောက် နှစ်မျိုး ၊ ၃ ယောက် လေးမျိုးဖြစ်ကုန်ကြပါ တယ် ။ မောင်ဘုန်းတစ်ယောက် ဦးဆောင် ကျင်းပမယ်ဆိုမှ သင်္ကြန်ပွဲက ပျက်တော့မည့် အခြေအနေ ၈၀%လောက်သေချာ ပါပြီ ။ နောင်တ လည်းရမိပါသည် ။ ဘယ်လိုပဲဖြစ်ဖြစ် … ဖြစ်အောင်လုပ်မယ်လို့  ဆုံးဖြတ်ပြီး အရင်ကထက် စိတ်အားထက်သန် လာခဲ့ပါ တယ်။

ပထမဆုံး ကွဲလွဲနေတဲ့သဘောထားကို တူညီမို့  အရင်စဉ်းစားရပါတယ် ။ အားလုံးမြန်မာလူမျိုးကြဖြစ်ကြတာမို့  သင်္ကြန်ကို ချစ်ကြပါတယ် ၊ သင်္ကြန်ဆိုရင် ပျော်တက်ကြတယ် ၊သင်္ကြန်ဆိုရင် အမှတ်တရ တွေ ရှိတက်ကြတာဟာ မြန်မာလူမျိုးအားလုံးရဲ့ တူညီမှု တစ်ခုပါ ။ ဒီတူညီမှု တစ်ခုကိုအားပြုပြီး မောင်ဘုန်းတစ်ယောက် စည်းရုံးရေးဆင်းရပါတယ် ။ တကယ်တမ်းတော့ ကွဲမှုတွေက ပြောရလောက်အောင် ကြီးကြီးမားမားမဟုတ်ပါဘူး ။ ကျနော်တို့  လူမျိုးကိုက တစ်ဦးနဲ့  တစ်ဦး နားလည်သီးခံမို့  အခက်ရှိတယ်ထင်ပါရဲ့ ။

ကျနော် တို့  သင်္ကြန်ကျမို့  ၄ ရက်သာလိုပါတော့ သည်။ စည်းရုံးရေးဆင်းတာ ရာနှုန်းပြည့် အောင်မြင်တယ်လို့  ပြောလို့ ရပါတယ် ။ အယောက် ၄၀ကျော်ရှိတာ ၃၀ ကျော်လောက် ကြည်ကြည်ဖြူဖြူ အားတက်သရော လက်ခံကြပါပြီ ။ ဒီတော့ သင်္ကြန်ပွဲကျင်းပမို့  ကျနော် အစဉ်စီတွေ ရေးဆွဲရတာပေါ့ ။ အရင်နှစ်တွေထက် အစီစဉ်ကို နည်းနည်းလေး ထူးချင်ပါတယ် ။ စက်ရုံမှာလူမျိုးပေါင်းစုံ အလုပ်သမား ၁၀၀ ကျော်လောက် ပါဝင်ပြီး ၊ နှစ်တိုင်း  သင်္ကြန်ပွဲက ထူးထူးခြားခြား မဟုတ်ပါ စားသောက် ရေပတ် မူးပြီး က ကျတာပေါ့ ….။ မြန်မာ့ရိုရာ အတာသင်္ကြန်ဟာ ကြီးမားတဲ့ရိုရာ အစဉ်လာ နဲ့  ကိုယ်ပိုင်ယှဉ်ကျေးမှု ပုံစံ ရှိတယ်ဆိုတာကို တခြားလူမျိုးတွေပါ မြင်အောင် ပြချင်မိပါတယ် ။

အတွေးနဲ့ ရည်ရွယ်ချက်က ကြီးကြီးကျယ်ကျယ်ဖြစ်နေမလားတော့ မသိပါ ။ တကယ်တမ်းလုပ်တော့ ထင်သလောက် မလွယ်ပါဘူး စုစုပေါင်း အလုပ်သမား ၁၀၀ ကျော်ထဲမှာကိုယ့်မြန်မာ လူမျိုး၄၀ကျော်လောက်က ပင် မြန်မာ့ ရိုးရာတာသင်္ကြန်ရဲ့ ရိုးရာအစဉ်လာ ပုံစံကို လက်ခံမို့  အခက်ရှိပါတယ် ။ ခေတ်ကာလပြောင်းလဲမှု ကိုလက်ခံပါတယ် ရိုးရာဟန်ကို အခြေခံပြီးပြောင်းလဲတာပဲ ဖြစ်သင့်တယ်လို့  နားလည်မိပါတယ် ။  တချို့ လည်း နားကို မလည်ကပါ သင်္ကြန်ဆိုရင် ရေပတ်မယ် သောက်ကြမယ် မူးရင် က ကြမယ် ပေါ့ ဒီထက်မပိုပါဘူး ။

ကျနော် ရဲ့ အစီစဉ်က ဒီလိုပါ ။ တူညီ ဝတ်စုံ နဲ့  ၁၁ရက်နေ့ မနက်မှာ ဘုန်းကြီးပင့်ပြီ ဆွမ်းကပ်မယ် တရားနာမယ် ။ ဒုတိယ အစီစဉ်က နှစ်စဉ်ကျင်းပနေကျ စားသောက်ရေပတ် မှုးကြပေါ့ ။ ကန့် ကွမဲ ၆၀ ရာနှုန်းလောက်နဲ့  ဘုန်းကြီးပင့် တရားနာမဲ့  ဒီအစဉ်ကို ဝမ်းနည်းစွာဖြတ်သိမ်းလိုက်ရပါတယ် ။ အကြောင်းက သောက်မို့  စားမို့  ကုန်ကျစရိတ်အတွက် အရမ်းနည်းသွားမယ်ဆိုတဲ့ အကြောင်းပြချက်ပါ ။ တူညီဝတ်စုံ လုပ်မို့  အားလုံးသဘောတူ ပါတယ် ။ ဒါပင်မဲ့ ကျနော်ကိုယ်တိုင်ပဲ ခေါင်းဆောင်ဆိုတဲ့ အာဏာသုံးပြီးဝမ်းနည်းစွာ ဖြတ်သိမ်းလိုက်ပါတယ် ။ အင်္ကျီမှာ အရိုးခေါင်းဂီတာတီးနေတဲ့ပုံ တံဆိပ် ရိုက်ချင်ကြပါတယ် ။ မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့  ဘယ်လို မှ မသင့်တော်တဲ့ အမှတ် တံဆိပ် ဖြစ်နေလို့ ပါ ။ ရိုးရာအမှတ်သားကို မြတ်နိုးမထိန်းသိမ်းတက်ရင်တောင် ပျက်စီးအောင်တော့ မလုပ်သင့်ဘူးလို့  ယူဆလို့ ပါ ။ ဒီအင်္ကျီး ကိစ္စနဲ့  စည်းရုံးပြီးသား လူ၎ယောက်လောက် ဆန့်ကျင်ဘက်  ဖြစ်သွားသည် ။ မတက်နိုင်ပါ ကျန်တဲ့ လူနဲ့  ဆက်ပြီး ပွဲကို ဖြစ်အောင်လုပ်မည် ။

ကျနော်တို့  သင်္ကြန်ကျပါပြီ ။ သဘာဝတော့ မကျပါ ။ ၁၁ရက်နေ့  ဖြစ်သည် ။ သိကြားမင်းကို အရေးပေါ်ဖိတ်ကြာလိုက်ရသည် ။ အတာပန်းအိုးပင် လုပ်မို့  အချိန်မရ ပါ ။ ဒီလိုနဲ့  သိကြားမင်းဆင်းတော့ ကျနော် တို့  သင်္ကြန်ပွဲလေး စလိုက်ပါသည် ။ လူမျိုးပေါင်းစုံ အလုပ်သမား ၁၀၀ ကျော် လောက် အတွက် အစားအသောက်နဲ့  ဧည့်ခံနေချိန် TV ၄ လုံး ကနေ မြန်မာ့ရိုးရာ အတာသင်္ကြန်ရဲ့ ဂီတနဲ့  ရိုးရာဟန်ကို ဖွင့်ပြထားသည် ။ တခြားလူမျိုးတွေ စိတ်ဝင်တစားကြည့်ကြတာ မြင်မိတော့ ဝမ်းသာမိပါတယ် ။

ဒီလိုနဲ့  တစ်ဦးက နှစ်ဦး ၊ နှစ်ဦးက စ သုံးဦး ရေလောင်းရေပတ် ကခုန်ပျော်မြူးရင်း လူမညီတဲ့ မြန်မာ အားလုံး ထပ်တူ ပျော်ရွှင်ကြတာတွေရတော့ ဝမ်းသာ မိပါသည် ။ သင်္ကြန်ပွဲ မဖြစ်ခင်က အတိုက်ခံ ကန့် ကွပ်တဲ့ သူတွေ လည်း ဘာမှ ပြောစရာမလို သင်္ကြန်အတွက် ကုန်ကျစရိတ်ကို တက်နိုင်သလောက် အားတက်သရော ပါဝင် ကူညီခဲ့တာ မြင်ရတော့ အတိုင်းမသိ ဝမ်းသာမိပြန်ပါတယ် ။ ဒါပင်မဲ့ မြန်မာတို့ ၏ ရိုးရာအစဉ်လာ တိုင်း ရှိတဲ့ အလုပ်သမားအားလုံး ပါဝင်သည်တော့ မဟုတ်ပါ ။ သုံးယောက် လေးယောက် တော့ ဘယ်လိုမှ ထပ်တူမကျသည့်အတွက် ဝမ်းနည်းစွာဖြင့်ပါဝင်ခြင်းမရှိခဲ့ပါဘူး ။ လူမျိုးပေါင်းစုံ အကုန်လာရောက် ပျော်ရွှင်ကြပါသည် ။ မလာတာဆိုလို မြန်မာ သုံးလေးယောက်ရှိတယ် ။ သူဌေးကမေး၏ ။ ဘာကြောင့် မလာလည်းတဲ့ ...  ? မြန်မာတွေ လုပ်တဲ့ မြန်မာပွဲကို မလာတာ ကျနော်မှာ သူဌေးကို ပြန်ဖြေစရာ စကားလုံးမရှိပါ ... ။ တော်တော်လေးတော့ အရှက်ရမိပါသည် ။
အားလုံးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ် ။ ထင်ထားသည်ထက်ပိုပြီး လူမျိုးအားလုံး အရင်နှစ်တွေထက် ပျော်ရွှင်ကြပါတယ် ။ ထူးခြားတဲ့မှတ်တမ်းကတော့ နှစ်တိုင်းရန်ပွဲတွေ ဖြစ်တက်ပင်မဲ့ ဒီနှစ်တော့ ရန်ပွဲ မရှိခဲ့ပါ ။ မတူညီတဲ့မြန်မာ လူမျိုးများသင်္ကြန်ပွဲကို အကြောင်းပြုပြီး ရင်းနှီးမှု ပြန်ရခဲ့ပါသည် ။ ဒီလိုနဲ့ သကြားမင်းကြီးလည်းပြန်တက် ၊ ဘာလက်ဆောင်မှ ထည့်မပေးလိုက် နိုင်ပါ ။ ကျနော် တို့  သင်္ကြန်ပွဲလည်း အောင်မြင်စွာပြီးဆုံးခဲ့ပါသည် …. ။

အချိန်အခါမဟုတ် ဆင်းပေးတဲ့ သိကြားမင်းကြီးကိုလည်း ကျေးဇူးတင်ပါသည် ။
ကုန်ကျစရိတ်အတွက် တစ်ဝက်အပြင် တခြားသော ကုန်ကျစရိတ်ထုတ်ပေးတဲ့ သူဌေးလုပ်သူကို ကျေးဇူးတင်ပါသည် ။

အင်္ကြန်ပွဲဖြစ်မြှောက်ရေးအတွက် လူအင်အားနဲ့ ငွေကြေးပါဝင်ကူညီပေးတဲ့  လုပ်ဖော်ကိုင်ဘက် အားလုံးကို အထူးအထူး ကျေးဇူးတင်မိပါသည် ။

ကျနော် ရဲ့ blogger မိတ်ဆွေများလည်း အတာရေလိုအေးချမ်းပျော်ရွှင်ပါစေလို့  ဆုတောင်းမိပါသည် ။ ကျနော် မိတ်ဆွေများ သင်္ကြန်ပွဲတော် မှာ ပျော်ရွှင်နေချိန်မှာ ကျနော် တို့ ကတော့ အလုပ်ထဲရောက်မှာပါ ။ သဘာဝမကျပင်မဲ့ ပျော်ရွှင်စွာပဲ ကျနော်တို့  သင်္ကြန်ပွဲလေး ပြီးဆုံးခဲ့ပါပြီ ။

အားလုံးအားလုံးသော မိတ်ဆွေ သူငယ်ချင်းများ မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့  ငြိမ်းချမ်းစွာပျော်ရွှင်ပါစေပါလို့  ထပ်ဆင့် ဆုတောင်းလိုက်ပါတယ် … ။


မောင်ဘုန်း















Tuesday, April 8, 2014

ဆော်လမွန်ကျွန်းပုံပြင်



တစ်ခါက .... ဆော်လမွန်ကျွန်း ဆိုတာ
ယဉ်ကျေးမှု့ ထွန်းကားခဲ့တဲ့ မြို့ ပြတစ်ခုပါ ။

အဲ့ ကျွန်းမှာ နေတဲ့ လူတွေဟာ  ....
စိုက်ပျိုးမို့  အတွက် တောင်ယာမခုတ်ပါဘူး ။

စိုက်ပျိုးမြေအတွက်
မိမိတို့  လိုအပ်သလောက် အကျယ်ဝန်းထိ
လက်တွဲပြီး ဝန်းရံလိုက်ပါတယ် .... ။

ပြီးတော့ .....
အပင်တွေကို ကျိန်ဆဲ ကြပါတယ် ....
ကျိန်စာတွေ ရွတ်ဆိုကြတယ် .....။

ရက်မကြာမှီမှာပဲ  .....
အဲ့ အပင်တွေ ခြောက်သွေ့ ပြီး သေကုန်ပါတယ် .....
ဒီဖြစ်ရပ်ဟာ ယနေ့ အချိန်မှာ
ဆော်လမွန်ကျွန်း ပုံပြင် တစ်ပုဒ် သာဖြစ်ခဲ့ပါတယ် ....။

ဒါပင်မဲ့  .....
လူပတ်ဝန်းကျင်မှာ ရှင်သန်မို့  ခက်ခဲတဲ့
သူတွေကို မြင်ရတော့ ....
ဆော်လမွန်ကျွန်းပုံပြင် တွေအသက်ဝင်လာသလို ခံစားမိပါတယ် .... ။

ဒါဆိုရင်
ကျနော်တို့  ရှင်သန်မှု့ အတွက်
လူ့ ပတ်ဝန်းကျင်ဆို တာ ....
သတိထားစရာပေါ့ ........... ။



Sunday, March 30, 2014

အပြင်ဘက်



နှင်းမှုံတွေကို လွမ်းရင်း
နွေတေး တစ်ပုဒ် ဆိုမိတော့
ကိုဥသြ က အသံကျယ်ကျယ်လှောင် ရီ လေ ရဲ့

ခပ်ဝေးဝေးက …..
တူးပို့  တေးသံတွေ ကြားမိတော့
တစ်ချိန်က တမ်းတမိတဲ့
ရင်ခုန်သံတွေကို ပြန်ရှာမိတယ်
ခပ်အေးအေး အသက်ရှုးသံတွေကြားမှာ
အဝါရောင်ပန်းပွင့်တွေ ထဲက
ဘယ်ဟာ ပိတောက်ပန်း ဖြစ်နေမလဲ အတွေးများနဲ့ 
ရာသီစက်ဝန်းရဲ့ အပြင်ဘက် တစ်နေရာမှာ ....
နေညိုချိန် ဆည်းဆာအောက်က
အိပ့်တန်ပြန် ဌက် တွေကို ငေးကြည့်မိတာ
အကျင့်တစ်ခုပေါ့ ….ဗျာ ….. ။


မောင်ဘုန်း