Pages

Saturday, October 13, 2012

တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း








အားလုံးပဲ မင်္ဂလာပါ ။ အချိန်လေးရတာနဲ့  တွေးမိတဲ့အကြောင်းအရာလေး တစ်ခုကို လေ့လာဖတ်ရှုရင်း ကျနော်ရဲ့ ယူဆချက်များနဲ့ ပေါင်းစပ်ကာ ဒီ Post လေးကို ရေးမိတာပါ … ။ လွတ်လပ်စွာပဲ ကျနော်ရဲ့ ထင်မြင်ချက်လေးကို ချရေးမိပါတယ် ။ ခေါင်းစဉ်ကိုတော့ “ တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း ” လို့  အမည်းပေးလိုက်မိပါတယ် ။

ယနေ့  အချိန် မှာ “ လူ့ အခွင့်အရေး …. လူ့ အခွင့်အရေး ”ဆိုပြီး နိုင်ငံတိုင်းပြောနေကြတာ သတင်းစာမျက်နှာတွေ က သက်သေ ပါပဲ ။  ဒါပင်မဲ့  တစ်နေ့ တခြား ကြီးထွားနေတဲ့ လူတန်းစားကွာဟမှု့ ကိုတော့ ကျနော် တို့ လို ဟိုမရောက်ဒီမရောက် လူတန်းစားများ မျက်မြင်ကိုယ် တွေ့ ပါပဲ ။ လူတန်းစားကွာဟမှု တစ်ခုတည်းမဟုတ်ပါဘူး အရင်းရှင်  အုပ်ချူပ်မှု တွေပါ တွေ့ ရတတ်ပါတယ် ။ ပညာရှင်တွေကတော့ ဒါကို ၂၁ ရာစုရဲ့ လက်ဆောင်တစ်ခုလို့  သတ်မှတ်ထားပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ “ လူသားတိုင်း တန်းတူအခွင့်အရေး ” ရှိရမည်ဆိုတဲ့ ကြွေးကြော်သံများကတော့ အားရစရာပါပဲ ။ တစ်ကယ်ပဲ ကျနော်တို့ လူသားများတန်းတူအခွင့်အရေး ရနိုင်မှာလား … ? ။ ကိုယ်တိုင်လည်း ပါဝင် မလုပ်ဆောင်နိုင်တော့ ဘေးကနေကာ  လက်ခုပ်တီးပြီး မျှော်လင့်ရတာပေါ့ ။ ကျနော်တို့ လူသားတိုင်းမှာ စာနာတတ်တဲ့ စိတ်အခြေခံလေးတော့ ရှိတတ်ကြပါတယ်  ။ ဘယ်သူမဆို ဆင်းရဲဒုက္ခရောက်နေတဲ့ သူကို တွေ့ ရင် အနည်းနဲ့  အများတော့ သနားတက်ကြတာ လူ့ သဘာဝပါပဲ ။ ဒီလို ဆင်းရဲမွဲတေတဲ့ လူတန်းစားများအတွက် တန်းတူအခွင့်အရေးဆိုတာ အမှောင်ကမ္ဘာထဲက ဖယောင်းတိုင်လေး တစ်တိုင်လို တန်ဖိုးရှိလှ ပါတယ် ။
  
တန်ဖိုးရှိလှတဲ့ ဖယောင်းတိုင်လေးလို လူသားတိုင်း တန်းတူအခွင့်အရေး ဆိုတာ ဖြစ်နိုင်၏ ။ မဖြစ်နိုင်၏ ဆိုတာလေးကို ကျနော် ဥာဏ်မှီသလောက် စဉ်းစားမိရင်း ၊ လှု့ အခွင့်အရေးဆုံးခဲ့ရတဲ့ မှတ်တမ်း သမိုင်းစာမျက်နှာတွေ ကိုလည်း  ဖတ်ရှုမိခဲ့ပါတယ် ။ ဒီနေရာမှာ တန်းတူအခွင့်အရေး ဆိုတာအတွက် အတားအဆီးလေးတစ်ခု ကို သတိပြုမိပါတယ် ။ ဒီအကြောင်းအရာလေးကတော့  “ ဓလေ့ထုံးတမ်း ” ဆိုတာပါပဲ … ။

ကမ္ဘာပေါ်မှာ မတူညီတဲ့ လူမျိုးတွေဟာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ ၊ ရိုးရာယဉ်ကျေးမှု့ တွေ အမျိုးမျိုး ရှိတာကြောင့်  လူသားတိုင်းအတွက် တန်းတူအခွင့်အရေးဆိုတာဟာ တချို့ နေရာတွေမှာ ဓလေ့ထုံးတမ်း ဆိုတဲ့ အကြောင်းအရာ အောက်မှာ ပျောက်ဆုံးနေတာတွေကို အထင်အရှားတွေ့ ရပါတယ် ။  အဖြစ်များတဲ့ အကြောင်းအရာလေး တစ်ခုကတော့ အမျိုးသား အမျိုးသမီး ခွဲခြားခံရခြင်း ပါပဲ ။ ဓလေ့ထုံးတမ်း အများစုမှာ အမျိုးသားတွေဟာ မြင့်မြတ်တယ် ။ ဒါကြောင့် အမျိုးသားများသာ အုပ်ချူပ်သူ လူတန်းစားပဲ ဖြစ်သင့်တယ် ဆိုတဲ့ အချက်ပါပဲ ။

ဥပမာတစ်ခုအနေနှင့်ပြောရရင် နီပေါနိုင်ငံမှာ ၂၀၀၅ခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ မြေယာပိုင်ဆိုင်ခွင့် မရှိသလို ဘဏ်စာရင်း ထားပိုင်ခွင့်မရှိပါဘူး ။ ဒါအပြင် သမီးဖြစ်သူက အဖေကို အားကိုးရတယ် ။ ဇနီးလုပ်သူက ခင်ပွန်းကို အားကိုးရတယ် ။ အမေလုပ်သူက သားသမီးကို အားကိုးရတယ်လို့  ဓလေ့ထုံးတမ်း တစ်ခုလို လက်ခံ ယုံကြည့်ခဲ့တာ တွေ့ ရပါတယ် ။ နီပေါနိုင်ငံမှာ ၂၀၀၅ ခုနှစ် ကျမှ အမျိုးသမီးများ မြေယာပိုင်ဆိုင်ခွင့် ၊ ဘဏ်စာရင်း ထားရှိခွင့် ဆိုတဲ့ တန်းတူအခွင့်ရေးတချို့  နီပေါအမျိုးသမီးလူထု ခံစားနိုင်ခဲ့ရတာပါ ။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် တန်းတူအခွင့်အရေးဆိုတာအတွက် ဓလေ့ထုံးတမ်း ကို ပယ်ဖျက်ရတယ် ဆိုတာပါပဲ ။ အမျိုးသား အမျိုးသမီး ခွဲခြားခံရတဲ့ ဖြစ်စဉ် တော်တော်များများဟာ ဓလေ့ထုံးတမ်းကို အခြေပြုနေတာ တိုက်တိုက်ဆိုင်ဆိုင်တွေ့  ရပါတယ် ။

ကျနော် အကြောင်းအရာလေးတစ်ခုလောက် ပြောပြချင်ပါသေးတယ်။မြန်မာနိုင်ငံလူ့ အခွင့်အရေး
လှုပ်ရှားမှု တွေထဲက  လိင်လုပ်သားများအတွက် တန်းတူအခွင့်ရေးဆိုတာပါပဲ ။ လိင်လုပ်သားများ တန်းတူအခွင့်အရေး ဆိုတဲ့အကြောင်းအရာဟာ မြန်မာ့ရိုးရာဓလေ့ထုံးတမ်း ကို မျက်ကွယ်ပြုသလို ဖြစ်နေတဲ့ အခြေအနေပါ ။

လိင်တူဖြစ်စေ ၊ ပြည့်တန်ဆာ ဖြစ်စေ ဒီလုပ်ငန်းဟာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း နဲ့  ကိုက်ညီမှု့  မရှိဘူးဆိုတာ အငြင်းပွားဖွယ်ရာ မရှိလောက်ပါဘူး ။ ဒါကြောင့်လည်း ၁၉၄၉ ခုနှစ်မှာ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြဌာန်း ခဲ့ပြီး တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်ဒဏ်မျိုးကို ထားရှိခဲ့ပါတယ် ။ ဒီနောက်မှာတော့ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ချနိုင်သည်အထိ ပြင်ဆင်ခဲ့ပြန်ပါတယ် ။ ဒီဥပဒေဟာ ထိရောက်မှု့ ရှိမရှိဆိုတာတော့ တစ်နေ့ တခြားအရေအတွက်တိုးနေတဲ့ လိင်လုပ်သားများက သက်သေပါပဲ ။

ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ လိင်လုပ်သားများကို တန်းတူအခွင့်ရေးဆိုတာနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကွာဟမှု့ ကြီးမားနေတာတွေရပြန်ပါတယ် ။ ဖြစ်စဉ်များကို ခြုံကြည့်မယ်ဆိုရင် တရားမဝင်ဆိုတဲ့ စကားရပ်ကြောင့် လူသားအချင်းချင်း ညှင်းပန်နှိက်စက် ခံရတဲ့ အခြေအနေမျိုးတွေထိ ရှိနေတယ်ဆိုတာ အားလုံးလည်း သိလောက်မှာပါ ။ နောက်တစ်ချက်က တရားမဝင် ဆိုတဲ့ စကားရပ်အောက်မှာ လိင်လုပ်သားများရဲ့ ကျန်းမာရေးအသိ ပျောက်ဆုံးနေတာကြောင့်  လိင်မှတစ်ဆင့်ကူးစက်စေတဲ့ ရောဂါများ ကျနော်တို့ နိုင်ငံမှာ သိသိသာသာ တိုးပွားလျှက်ရှိတယ်ဆိုတာ ကျန်းမာရေးစာမျက်နှာတွေက သက်သေတည်လျှက်ပါ ။

အခုလို လိင်မှတစ်ဆင့်ကူးစက်စေတဲ့ ရောဂါများ တိုးပွားနေတာဟာ တနည်းအားဖြင့် ပြည်သူ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်လျှက် ရှိနေပါတယ် ။ မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန ၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ရဲ့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015  ''တွင် ပါရှိတဲ့ ဖော်ပြချက်များအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ နှစ်သိန်းဝန်းကျင်ခန့်  ရှိပြီး တစ်ရက်ကို ၂၃ဦးခန့်  ကူးစက်ခံနေရတယ်လို့  ဖော်ပြထားပါတယ် ။  ဒီဖြစ်ရပ်များကို ခြုံပြီးကြည့်မယ်ဆိုရင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေရဲ့  တရားမဝင်ဆို တဲ့စကားရပ်ကို အခြေပြုနေတယ်လို့  ကျနော် အနေနှင့် ယူဆမိတယ် ။

ကျနော်ရဲ့ blogger မိတ်ဆွေသူငယ်ချင်းများ ခဗျာ …. လိင်လုပ်သားများ တန်းတူအခွင့်အရေး ဆိုတာအတွက် မြန်မာ့ဓလေ့ထုံးတမ်းကို ပယ်ဖျတ်ပြီး ဥပဒေဖြင့် စီစစ်ထိန်းချူပ်ကာ ပြည်သူ့ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည်လော …..  ????? ။ ဒါမှမဟုတ် မြန်မာ့ဓလေ့ထုံးတမ်းကို ထိန်းသိမ်းကာ တိကျပြတ်သားတဲ့ ဥပဒေတစ်ရပ်ဖြင့် ပြည်သူ့ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည်လော …. ?????? ။

ပြည်သူ့ ကျန်းမာရေးအတွက် တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း တစ်ခုခုကိုတော့ ရွေးချယ် လုပ်ဆောင်သင့်တဲ့ အချိန်ရောက်ပြီလို့  တွေးမိရင်း ဒီ post လေးကို အဆုံးသတ်လိုက်ပါတယ် … ။

ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများနဲ့  မတော်တဆဖတ်မိသူအပေါင်း ကျန်းမာပျော်ရွှင်ကြပါစေ ။



ကိုးကား

နီပေါ အမျိုးသမီးများရဲ့ လူ့အခွင့်အရေးတိုက်ပွဲ (ခင်မမမျိုး)
မြန်မာ အိတ်ခ်ျအိုင်ဗွီ သတင်းအချက်အလက်
ဓာတ်ပုံကို google မှရယူခဲ့ပါသည်


မောင်ဘုန်း


7 comments:

  1. အမှန်အကန် တွေးခေါ်မှုပါပဲကိုဘုန်းရေ အမျိုးသမီးအမျိုးသား တန်းတူအခွင့်ရေးဆိုတာကတော့ ခေတ်အဆက်ဆက် ရှိနေမှာပါပဲ သဘာဝဆိုင်ရာအတားအဆီးအရတော့ အမျိုးသားတွေနဲ့ နေရာတကာရင်ဘောင်တန်းမရတာလည်းပါပါတယ် သို့ ပေမယ့် ဒါဟာလူအခွင့်ရေးချိုးဖောက်မှုရယ်လို့ မယူဆစေချင်ပါဘူး အလုပ်တစ်ခုမှ အမျိုးသားလုပ်မှဖြစ်မယ့်အလုပ်တွေရှိသလို အမျိုးသမီးလည်း ရင်ဘောင်တန်းနိုင်တဲ့ အလုပ်တွေလည်းရှိပါတယ် ဒီနေရာမှာ လုပ်ပိုင်ခွင့်ချင်း တန်းတူ ၅၀% =၅၀% ညီမျှလို့ မရတာတွေလည်း အမျိုးသမီးအမျိုးသားကြားမှာ ရှိနေမှာပါပဲ ကျနော်က အမျိုးသားမလို့  ဘက်လိုက်တာမဟုတ်ပါဘူး သဘာဝဆိုင်ရာ ဖြစ်တည်လာမှုအရတော့ ရှေ့ ဆက်ပီးလည်း လူသားမျိုးနွယ်မှာ အမျိုးသားတွေကပဲ ဦးစီးဦးဆောင် တည်ထွင်ဖန်တီး ဆက်လက်ချီတက်နေမှာလို့ ယုံကြည်ပါတယ် မြန်မာစကားပုံအရကတော့ ကြက်မတွန်လို့ မိုးမလင်းဘူး ကြက်ဖတွန်မှသာ အရာရောက်တယ်လို့ ဆိုလိုက်ရင် အမျိုးသမီးတွေကို နှိမ်သလိုဖြစ်သွားမယ်ထင်တယ် ၀မရှီိပဲ ၀ိလုပ်လို့ မရဘူးဆိုတာကို လိုသလိုတွေးရရင် အမျိုးသမီးတွေမရှိပဲနဲ့ ကျနော်တို့ လူသားမျိုးနွယ်တွေ ဆက်လက်ရပ်တည်နိုင်မှာမဟုတ်ပါဘူး ဒါဟာ အချိုးကျအသုံးဝင်မှုတစ်ခုပါပဲ အောင်မြင်ကျော်ကြားတဲ့ ယောက်ကျားတိုင်းရဲ့နောက်ကွယ်မှာ လိမ္မာပါးနပ်တဲ့ဇနီးကောင်းတစ်ယောက်ရှိနေတယ်ဆိုတဲ့စကားအရ ထက်မြတ်တဲ့အတွေးအခေါ်တွေမှာ မိန်းကလေးရဲ့ထောက်ပံမှုလည်းပါတယ်ပေါ့ဗျာ ညီတူမျှတူပြောရရင် ငါမပါဘယ်ဟာမှမပြီး ငါချည်းလည်းဘယ်ဟာမှမပြီးပေါ့ နေရာတကာမှာတန်းတူမရနိုင်တာတွေကတော့ ကမ္ဘာတည်သရွေ့ ရှိနေမယ်လို့ ထင်တာပဲ နင့်ကိုငါချစ်တယ်ဆိုတဲ့ စကားဟာ ယောက်ကျားလေးတွေက စပြောရတဲ့ ဓလေ့ပေါ့ သဘာဝဖြစ်စဉ်ပေါ့ဗျာ မိန်းကလေးတွေက စပြောနိုင်တဲ့ အခွင့်ရေးလည်း ရှိမှာပါပဲ တန်းတူညီတူ သဘောာထားပေါ့ ဒီဟာက ရှေးပဝေသဏီထဲက
    ဓလေ့တစ်ခုပေါ့ဗျာ ဒီဓလေ့ကို ပျယ်ဖျက်ဖို့ ဆိုတာကတော့ လုံးလုံးကြီးမဖြစ်နိုင်သေးပါဘူး (ကိုးရီးကားမပါပေါ့ဗျာ..ဟဟ)နီပေါကလိုတော့ မိန်းကလေးတွေကို မနှိမ်ထားသင့်ပါဘူး လက်ခံပါတယ် ပြောနေတော့ပါဘူးဗျာ မြန်မာပြည်လိင် လုပ်သားတွေရဲ့ 99% သောဇစ်မြစ်ကတော့ စီးပွားရေးလို့ ယူဆပါတယ် အင်တာနေရှင်နယ်မှာတော့ ပြည့်တန်ဆာမကင်းပါဘူး ရှိနေမှာပဲ အဲ့တော့ သူတို့ ကို တရားဝင်အဖွဲ့ အစည်းသတ်မှတ်ပြီး လူအခွင့်ရေးထ လုပ်လာမယ်ဆို မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာအရကတော့ မဖြစ်သင့်ပါဘူး ကျနော်တို့ ဘာသာအယူအဆအရလည်း ဒီလုပ်ငန်းကြီးဟာ တရားဝင်လိုင်စင်နဲ့ ဖြစ်မလာသင့်ပါဘူး လျော့နည်းလာအောင်တားစီးဖို့ ပထမဆုံးကတော့ လူမှုဖူလုံးရေး စားဝတ်နေရေးအဆင်ပြေရေးပေါ့ဗျာ ဒါကိုတော့ နိုင်ငံတော်မှာတာဝန်၇ှိတယ်လို့ ယူဆတယ် စကားပုံအရကတော့ သားသမီးမကောင်းမိဘခေါင်းပဲ ဆရာမကောင်းတပည့်ခေါင်းပဲဗျ ဒါမြန်မာစကားပုံတွေ တိုင်းပြည်မကောင်းရင် တိုင်းပြည်ခေါင်းဆောင်ရဲ့ခေါင်းလို့ တထစ်ချမဟုတ်တောင် သဘာဝဖြစ်စဉ်အရတော့ ယူဆရမှာပဲနော် ပြောနေ၇ှည်တယ်ဗျာ ကွန်မန့် နဲ့ မတူတော့ဘူး ကိုဘုန်းရေ အခုလို မှန်ကန်တဲ့အတွေးခေါ်လေးတွေ အတွက်ကျေးဇူးပဲဗျာနော် သဘောထားကွဲတယ်လို့ မအောင့်မေ့ပါနဲ့ ဆွေးနွေးတဲ့သဘောပါ ကျုပ်ကို စိတ်ဆိုးနဲ့ နော် Human Right လေဗျာ စိတ်ဆိုးလို့ ကတော့ လွှတ်တော်တက်တိုင်မယ် ..ဟိဟိ

    ခင်မင်စွင်ဖြင့် - ဘလော့ဂါ ဘယာကျော် ဆရာမောင်တလုံး

    .

    ReplyDelete
  2. ဘယာကျော် ဆရာမောင်တလုံး .... ရေ ... လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ် ... ။ ကျနော် blog အတွက်တော့ အရှည်ဆုံး comment အဖြစ်မှတ်တမ်းတင် ရပါဗျာ .... ။

    ReplyDelete
  3. အတွေးများသွားပြီ မောင်ဘုန်းရေ ။မဖြစ်သင့်ဘူးလို့တော့ထင်ပါတယ် ။ရိုးရာယဉ်ကျေးမှု့ဆိုတာကရှိသေးတယ်လေ

    ReplyDelete
  4. တန်ဖိုးရှိတဲ့ပို့စ်ကောင်းလေးကို ဖတ်ခဲ့ပါတယ်နော်...

    ReplyDelete
  5. မောင်ဘုန်းရေ လူတစ်ယောက်နဲ့တစ်ယောက်အယူအဆမတူကြသလိုတိုင်းပြည်တွေမှာလည်းဥပဒေတွေမတူညီကြဘူးပေါ့ လိင်တူကိစ္စကတရာဝင်ခွင့်ပြုထားတဲ့နိုင်ငံရှိသလို ကန့်ကွက်ကြတဲ့နိုင်ငံတွေလည်းရှိပါတယ်အခွင့်အရေးဆိုတာကလည်းပေးသူနဲ့ခံစားရသူပေါ်မှာပဲမှုတည်တာမလား အမတော့သိပ်မတွေးတော့ဘူး.. မောင်ဘုန်းအမြင်လေးကိုပဲသေချာဖတ်ခဲ့တယ်

    ReplyDelete
  6. ဟုတ်ပါတယ် တွေးစရာဖြစ်သလို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ အရေးပါရှိလာတယ်
    နှိမ်နင်းရေး ဥပေဒေက ထိရောက်မှုမရှိခဲ့တာ ခေတ်အဆက်ဆက်က သက်သေပြခဲ့ပါပြီ ရှေးပဝေသီကတည်းက နေယနေ့ထိတိုင်း တိုင်းတိုင်းပြည်ပြည်မှာ ပြည့်ကံကျွေးဆိုတာ ရှိမြဲ နောက်လဲရှိနေမြဲဖြစ်မှာပါ ဒါကိုတွေးတွေးဆဆနဲ့ ဘယ်သို့ဘယ်ပုံ ထိန်းသိမ်းကြမလဲဆိုတဲ့အချက်က အရေးကြီးပါတယ် ကျွန်တော်လည်းအခုတလော တရားဝင်ဖြစ်ခွင့်ဆိုတဲ့ သတင်းဖတ်လိုက်ရပြီး တွေးနေတာ စာအုပ်တွေပြန်လှန်ကြည့်တော့ အချက်လက်တချို့ကိုတွေ့ခဲ့ရပါတယ် ကျွန်တော်ပို့စ်တခုအနေနဲ့ ဝေမျှပေးပါ့မယ် ရိုက်လက်စဖြစ်နေလို့ပါ ကွန်မကောင်းတာလဲပါရဲ့လေ

    မောင်ဘကြိုင်

    ReplyDelete
  7. တန်းတူအခွင့်ရေးနဲ့ဓလေ့ထုံးတမ်း
    ခေါင်းစဉ်နဲ့ပိုစ့်လေးကိုအရမ်းစိတ်ဝင်စားပါတယ်
    အရင်ကလွန်ခဲ့တဲ့လေးလလောက်က(YMCA)မှာ
    သူငယ်ချင်းတွေခေါ်လို့သင်တန်းလေးသွားတက်ဖူးတယ်
    သင်တန်းမှာဆွေးနွေးခဲ့အချက်လေးတွေနဲ့တော်တော်ဆင်တယ်
    သူတို့ဆွေးနွေးပွဲခေါင်းစဉ်ကဂျန်ဒါအကြောင်းပဲ
    စိတ်ဝင်းစားလို့သွားတက်ခဲ့တယ်သိပ်တော့နားမလည်ခဲ့ဘူး
    ဒီထက်ပိုသိခွင့်ရရင်အရမ်းသိချင်တာ
    ပိုစ့်လေးဖတ်ရှုသွားပါတယ်နော်

    ReplyDelete