Pages

Sunday, April 13, 2014

ကျနော်တို့ သင်္ကြန်



မနက်ဖြန် သင်္ကြန် ကျတော့မည် ။ မြန်မာတို့  အယူအဆ ဆိုရင်မနက်ဖြန် ည သိကြားမင်းဆင်းမည် ။ တကယ်တော့ ဒီကိစ္စ ဘယ်သူမှ မသိလိုက်ပါ ။ သိကြားမင်းက မနေ့ က ည ကတည်းက လူ့ ပြည်ကို ကျနော်ရဲ့ ဖိတ်ကြားမှု နဲ့ အရေးပေါ် ဆင်းလိုက်ရပါသည် ….. ။ ဇတ်လမ်းက အဲ့မှာ အစ တာပါပဲ …… ။

သင်္ကြန်လို့  ဆိုလိုက်တာ နဲ့  ကျနော် တို့  မြန်မာလူမျိုးတိုင်း ကြီးကြီးငယ်ငယ် အမှတ်တရတွေနဲ့  ပြည့်နေတက်ပါတယ် ။ ကျနော် အတွက်တော့ သင်္ကြန်ဆိုတာ ၁၀ စုနှစ် အချိန်တစ်ခုလောက် ခပ်စိမ်းစိမ်း ဖြစ်ခဲ့ရပင်မဲ့  ဒီနှစ်အတွက်တော့ အထူးခြားဆုံးလို့  မှတ်တမ်းတင်လောက်ပါတယ် ။ မြန်မာတို့  သင်္ကြန်ပွဲတော်ကို မြန်မာလူမျိုးတိုင်း ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာ ရောက်ရောက်  ပျော်ရွှင်စွာ ကျင်းပ တဲ့ အထဲမှာ ကျနော် တို့ လည်းအပါအဝင် ပေါ့ ။

ဟုတ်ပါသည် … ။ မြန်မာပြည်ရဲ့ အဝေးမှာ အလုပ်လုပ်နေကြတဲ့ ကျနော်တို့  စက်ရုံမှာ မြန်မာ လူမျိုး အလုပ်သမား ၄၀ ကျော်ခန့် ရှိပါတယ် ။ ဒီနှစ် သင်္ကြန် မကျမှီ ၂ ပတ်လောက်အလိုကတည်းက စက်ရုံထဲမှာ အလုပ်လုပ်ရင်း သင်္ကြန် လုပ်မှာလား ၊ မလုပ်ဘူးလား ဆိုတဲ့ မေးခွန်းက MH370 နဲ့  အပြိုင် နာမည်ကြီးခဲ့တာပါ ။

တကယ်တော့ ဒီမေးခွန်းက မဖြစ်သင့်တဲ့ မေးခွန်းတစ်ခုပါ ။ ဒီစက်ရုံမှာ နှစ်တိုင်း ကျင်းပနေကျ အစဉ်အလာ တစ်ခု ဖြစ် ရဲ့နဲ့  မေးစရာမလိုအောင် ဖြစ်နေရမှာပါ ။ အခုတော့ သင်္ကြန်ပွဲကို လုပ်ဖြစ် ၊ မလုပ်ဖြစ် အခြေနေထိရောက်လာကြတာပေါ့ ။ ခက်တာက ဦးဆောင်ကျင်းပမဲ့ ခေါင်းဆောင်လိုနေပါတယ် ။ တာဝန်ရှိတဲ့သူတွေကလည်း ခေါင်းရှောင် နေကြပါတယ်။ဒီလိုနဲ့  နောက်ကနေတွန်းလို့  ရှေ့ ရောက်လာတယ် ဆိုသလို မောင်ဘုန်းတစ်ယောက် သင်္ကြန်ပွဲ ဖြစ်မြှောက်ရေးအတွက် ခေါင်းဆောင် လုပ်မယ်လို့  ဆုံးဖြတ်ခဲ့ပါတယ် ။

အဲ့မှာ စလွဲကြတာပဲ ….. ။ နေရင်းထိုင်ရင်း ဆရာကြီးတက်လုပ်တယ်လို့ ဆိုတဲ့သူများက တစ်ဖွဲ့  ၊ သင်္ကြန်ပွဲဖြစ်မြှောက်စေချင်တဲ့ သူများက တစ်ဖွဲ့  ။ တိတ်တိတ်လေးနေပြီး မသိချင်ဟန်ဆောင်တဲ့သူက တစ်ဖွဲ့  ၊ ဟိုဘက်လည်း ပါ ဒီဘက်လည်းပါ နှစ်ဖက်ချွန် သုံးဖက်ချွန် လုပ်သူများက တစ်ဖွဲ့ ဖြစ်ကုန်ကြပါတယ် ။ ရှေ့ ကသွားတော့လည်း အီးပေါက် ၊ နောက်ကလိုက်ပါဆို လည်း ဖိနပ်နင်းခံရသလိုပါပဲ ။ ဒီလိုလူမညီကြတဲ့ ကျနော် တို့  မြန်မာအလုပ်သမားတွေကို သူဌေးလုပ်သူ အမိန့် နဲ့  သင်္ကြန်ပွဲ ဖြစ်မြှောက်ရေး အတွက် မောင်ဘုန်း ခေါင်းဆောင်ရမယ်လို့  တရားဝင် ခန့် အပ်လိုက်ပါတယ် ။
အယ် …. နောက်နေ့ မှာတော့ အကြီးမားဆုံး စလွဲကြပြန်ပါတယ် ။

သင်္ကြန်က ဒီနှစ် ၁၃ရက်နေ့ ကနေ ၁၇ရက်ထိပါ ။ အဲ့ရက်မှာ သူဌေးက လုပ်ပိတ်ရက် မပေးနိုင်ပါဘူးတဲ့  ။ ၁၁ရက်နေ့  နဲ့  ၁၂ ရက်နေ့  ကို မြန်မာ အလုပ်သမားများ သီးသန့်  အလုပ် ပိတ်ပေးမယ် သင်္ကြန်အတွက် ပြင်ဆင်မို့ ၁၀ ရက်နေ့  တပိုင်း ပိတ်ပေးလို့  အကြောင်းပြချက် များစွာဖြင့်  ပြောပြပါတယ် ။ သဘာဝတော့မကျပါ ။ သင်္ကြန်ကို သင်္ကြန်ရက်လေးမှာ လုပ်ချင်ပါသည် ။  သူဌေးကို  အတိုက်ခံပြောရပါသည်  ။ ဘယ်လိုမှ ပြောမရပါ အခြေနေက ငါပြောတဲ့ နေ့  လုပ်ရင် မလုပ်ရင် အလုပ်ဆင်းကြပါတဲ့ …. ။

နဂိုကမှ လူက မညီ ၊ သင်္ကြန်ကို ၁၁ ရက်နဲ့  ၁၂ ရက်နေ့  လုပ်မယ်လို့  မောင်ဘုန်းက အကျိုးကြောင်းနဲ့  ပြောလိုက်ရော အယောက် ၄၀ ကျော်တဲ့ မြန်မာ အလုပ်သမားများ ၁ ယောက်တစ်မျိုး ၊ ၂ ယောက် နှစ်မျိုး ၊ ၃ ယောက် လေးမျိုးဖြစ်ကုန်ကြပါ တယ် ။ မောင်ဘုန်းတစ်ယောက် ဦးဆောင် ကျင်းပမယ်ဆိုမှ သင်္ကြန်ပွဲက ပျက်တော့မည့် အခြေအနေ ၈၀%လောက်သေချာ ပါပြီ ။ နောင်တ လည်းရမိပါသည် ။ ဘယ်လိုပဲဖြစ်ဖြစ် … ဖြစ်အောင်လုပ်မယ်လို့  ဆုံးဖြတ်ပြီး အရင်ကထက် စိတ်အားထက်သန် လာခဲ့ပါ တယ်။

ပထမဆုံး ကွဲလွဲနေတဲ့သဘောထားကို တူညီမို့  အရင်စဉ်းစားရပါတယ် ။ အားလုံးမြန်မာလူမျိုးကြဖြစ်ကြတာမို့  သင်္ကြန်ကို ချစ်ကြပါတယ် ၊ သင်္ကြန်ဆိုရင် ပျော်တက်ကြတယ် ၊သင်္ကြန်ဆိုရင် အမှတ်တရ တွေ ရှိတက်ကြတာဟာ မြန်မာလူမျိုးအားလုံးရဲ့ တူညီမှု တစ်ခုပါ ။ ဒီတူညီမှု တစ်ခုကိုအားပြုပြီး မောင်ဘုန်းတစ်ယောက် စည်းရုံးရေးဆင်းရပါတယ် ။ တကယ်တမ်းတော့ ကွဲမှုတွေက ပြောရလောက်အောင် ကြီးကြီးမားမားမဟုတ်ပါဘူး ။ ကျနော်တို့  လူမျိုးကိုက တစ်ဦးနဲ့  တစ်ဦး နားလည်သီးခံမို့  အခက်ရှိတယ်ထင်ပါရဲ့ ။

ကျနော် တို့  သင်္ကြန်ကျမို့  ၄ ရက်သာလိုပါတော့ သည်။ စည်းရုံးရေးဆင်းတာ ရာနှုန်းပြည့် အောင်မြင်တယ်လို့  ပြောလို့ ရပါတယ် ။ အယောက် ၄၀ကျော်ရှိတာ ၃၀ ကျော်လောက် ကြည်ကြည်ဖြူဖြူ အားတက်သရော လက်ခံကြပါပြီ ။ ဒီတော့ သင်္ကြန်ပွဲကျင်းပမို့  ကျနော် အစဉ်စီတွေ ရေးဆွဲရတာပေါ့ ။ အရင်နှစ်တွေထက် အစီစဉ်ကို နည်းနည်းလေး ထူးချင်ပါတယ် ။ စက်ရုံမှာလူမျိုးပေါင်းစုံ အလုပ်သမား ၁၀၀ ကျော်လောက် ပါဝင်ပြီး ၊ နှစ်တိုင်း  သင်္ကြန်ပွဲက ထူးထူးခြားခြား မဟုတ်ပါ စားသောက် ရေပတ် မူးပြီး က ကျတာပေါ့ ….။ မြန်မာ့ရိုရာ အတာသင်္ကြန်ဟာ ကြီးမားတဲ့ရိုးရာ အစဉ်လာ နဲ့  ကိုယ်ပိုင်ယှဉ်ကျေးမှု ပုံစံ ရှိတယ်ဆိုတာကို တခြားလူမျိုးတွေပါ မြင်အောင် ပြချင်မိပါတယ် ။

အတွေးနဲ့ ရည်ရွယ်ချက်က ကြီးကြီးကျယ်ကျယ်ဖြစ်နေမလားတော့ မသိပါ ။ တကယ်တမ်းလုပ်တော့ ထင်သလောက် မလွယ်ပါဘူး စုစုပေါင်း အလုပ်သမား ၁၀၀ ကျော်ထဲမှာကိုယ့်မြန်မာ လူမျိုး၄၀ကျော်လောက်က ပင် မြန်မာ့ ရိုးရာတာသင်္ကြန်ရဲ့ ရိုးရာအစဉ်လာ ပုံစံကို လက်ခံမို့  အခက်ရှိပါတယ် ။ ခေတ်ကာလပြောင်းလဲမှု ကိုလက်ခံပါတယ် ရိုးရာဟန်ကို အခြေခံပြီးပြောင်းလဲတာပဲ ဖြစ်သင့်တယ်လို့  နားလည်မိပါတယ် ။  တချို့ လည်း နားကို မလည်ကပါ သင်္ကြန်ဆိုရင် ရေပတ်မယ် သောက်ကြမယ် မူးရင် က ကြမယ် ပေါ့ ဒီထက်မပိုပါဘူး ။

ကျနော် ရဲ့ အစီစဉ်က ဒီလိုပါ ။ တူညီ ဝတ်စုံ နဲ့  ၁၁ရက်နေ့ မနက်မှာ ဘုန်းကြီးပင့်ပြီ ဆွမ်းကပ်မယ် တရားနာမယ် ။ ဒုတိယ အစီစဉ်က နှစ်စဉ်ကျင်းပနေကျ စားသောက်ရေပတ် မှုးကြပေါ့ ။ ကန့် ကွပ်မဲ ၆၀ ရာနှုန်းလောက်နဲ့  ဘုန်းကြီးပင့် တရားနာမဲ့  ဒီအစဉ်ကို ဝမ်းနည်းစွာဖြတ်သိမ်းလိုက်ရပါတယ် ။ အကြောင်းက သောက်မို့  စားမို့  ကုန်ကျစရိတ်အတွက် အရမ်းနည်းသွားမယ်ဆိုတဲ့ အကြောင်းပြချက်ပါ ။ တူညီဝတ်စုံ လုပ်မို့  အားလုံးသဘောတူ ပါတယ် ။ ဒါပင်မဲ့ ကျနော်ကိုယ်တိုင်ပဲ ခေါင်းဆောင်ဆိုတဲ့ အာဏာသုံးပြီးဝမ်းနည်းစွာ ဖြတ်သိမ်းလိုက်ပါတယ် ။ အင်္ကျီမှာ အရိုးခေါင်းဂီတာတီးနေတဲ့ပုံ တံဆိပ် ရိုက်ချင်ကြပါတယ် ။ မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့  ဘယ်လို မှ မသင့်တော်တဲ့ အမှတ် တံဆိပ် ဖြစ်နေလို့ ပါ ။ ရိုးရာအမှတ်သားကို မြတ်နိုးမထိန်းသိမ်းတက်ရင်တောင် ပျက်စီးအောင်တော့ မလုပ်သင့်ဘူးလို့  ယူဆလို့ ပါ ။ ဒီအင်္ကျီး ကိစ္စနဲ့  စည်းရုံးပြီးသား လူ၎ယောက်လောက် ဆန့်ကျင်ဘက်  ဖြစ်သွားသည် ။ မတက်နိုင်ပါ ကျန်တဲ့ လူနဲ့  ဆက်ပြီး ပွဲကို ဖြစ်အောင်လုပ်မည် ။

ကျနော်တို့  သင်္ကြန်ကျပါပြီ ။ သဘာဝတော့ မကျပါ ။ ၁၁ရက်နေ့  ဖြစ်သည် ။ သိကြားမင်းကို အရေးပေါ်ဖိတ်ကြာလိုက်ရသည် ။ အတာပန်းအိုးပင် လုပ်မို့  အချိန်မရ ပါ ။ ဒီလိုနဲ့  သိကြားမင်းဆင်းတော့ ကျနော် တို့  သင်္ကြန်ပွဲလေး စလိုက်ပါသည် ။ လူမျိုးပေါင်းစုံ အလုပ်သမား ၁၀၀ ကျော် လောက် အတွက် အစားအသောက်နဲ့  ဧည့်ခံနေချိန် TV ၄ လုံး ကနေ မြန်မာ့ရိုးရာ အတာသင်္ကြန်ရဲ့ ဂီတနဲ့  ရိုးရာဟန်ကို ဖွင့်ပြထားသည် ။ တခြားလူမျိုးတွေ စိတ်ဝင်တစားကြည့်ကြတာ မြင်မိတော့ ဝမ်းသာမိပါတယ် ။

ဒီလိုနဲ့  တစ်ဦးက နှစ်ဦး ၊ နှစ်ဦးက စ သုံးဦး ရေလောင်းရေပတ် ကခုန်ပျော်မြူးရင်း လူမညီတဲ့ မြန်မာ အားလုံး ထပ်တူ ပျော်ရွှင်ကြတာတွေရတော့ ဝမ်းသာ မိပါသည် ။ သင်္ကြန်ပွဲ မဖြစ်ခင်က အတိုက်ခံ ကန့် ကွပ်တဲ့ သူတွေ လည်း ဘာမှ ပြောစရာမလို သင်္ကြန်အတွက် ကုန်ကျစရိတ်ကို တက်နိုင်သလောက် အားတက်သရော ပါဝင် ကူညီခဲ့တာ မြင်ရတော့ အတိုင်းမသိ ဝမ်းသာမိပြန်ပါတယ် ။ ဒါပင်မဲ့ မြန်မာတို့ ၏ ရိုးရာအစဉ်လာ တိုင်း ရှိတဲ့ အလုပ်သမားအားလုံး ပါဝင်သည်တော့ မဟုတ်ပါ ။ သုံးယောက် လေးယောက် တော့ ဘယ်လိုမှ ထပ်တူမကျသည့်အတွက် ဝမ်းနည်းစွာဖြင့်ပါဝင်ခြင်းမရှိခဲ့ပါဘူး ။ လူမျိုးပေါင်းစုံ အကုန်လာရောက် ပျော်ရွှင်ကြပါသည် ။ မလာတာဆိုလို မြန်မာ သုံးလေးယောက်ရှိတယ် ။ သူဌေးကမေး၏ ။ ဘာကြောင့် မလာလည်းတဲ့ ...  ? မြန်မာတွေ လုပ်တဲ့ မြန်မာပွဲကို မလာတာ ကျနော်မှာ သူဌေးကို ပြန်ဖြေစရာ စကားလုံးမရှိပါ ... ။ တော်တော်လေးတော့ အရှက်ရမိပါသည် ။
အားလုံးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ် ။ ထင်ထားသည်ထက်ပိုပြီး လူမျိုးအားလုံး အရင်နှစ်တွေထက် ပျော်ရွှင်ကြပါတယ် ။ ထူးခြားတဲ့မှတ်တမ်းကတော့ နှစ်တိုင်းရန်ပွဲတွေ ဖြစ်တက်ပင်မဲ့ ဒီနှစ်တော့ ရန်ပွဲ မရှိခဲ့ပါ ။ မတူညီတဲ့မြန်မာ လူမျိုးများသင်္ကြန်ပွဲကို အကြောင်းပြုပြီး ရင်းနှီးမှု ပြန်ရခဲ့ပါသည် ။ ဒီလိုနဲ့ သကြားမင်းကြီးလည်းပြန်တက် ၊ ဘာလက်ဆောင်မှ ထည့်မပေးလိုက် နိုင်ပါ ။ ကျနော် တို့  သင်္ကြန်ပွဲလည်း အောင်မြင်စွာပြီးဆုံးခဲ့ပါသည် …. ။

အချိန်အခါမဟုတ် ဆင်းပေးတဲ့ သိကြားမင်းကြီးကိုလည်း ကျေးဇူးတင်ပါသည် ။
ကုန်ကျစရိတ်အတွက် တစ်ဝက်အပြင် တခြားသော ကုန်ကျစရိတ်ထုတ်ပေးတဲ့ သူဌေးလုပ်သူကို ကျေးဇူးတင်ပါသည် ။

အင်္ကြန်ပွဲဖြစ်မြှောက်ရေးအတွက် လူအင်အားနဲ့ ငွေကြေးပါဝင်ကူညီပေးတဲ့  လုပ်ဖော်ကိုင်ဘက် အားလုံးကို အထူးအထူး ကျေးဇူးတင်မိပါသည် ။

ကျနော် ရဲ့ blogger မိတ်ဆွေများလည်း အတာရေလိုအေးချမ်းပျော်ရွှင်ပါစေလို့  ဆုတောင်းမိပါသည် ။ ကျနော် မိတ်ဆွေများ သင်္ကြန်ပွဲတော် မှာ ပျော်ရွှင်နေချိန်မှာ ကျနော် တို့ ကတော့ အလုပ်ထဲရောက်မှာပါ ။ သဘာဝမကျပင်မဲ့ ပျော်ရွှင်စွာပဲ ကျနော်တို့  သင်္ကြန်ပွဲလေး ပြီးဆုံးခဲ့ပါပြီ ။

အားလုံးအားလုံးသော မိတ်ဆွေ သူငယ်ချင်းများ မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့  ငြိမ်းချမ်းစွာပျော်ရွှင်ပါစေပါလို့  ထပ်ဆင့် ဆုတောင်းလိုက်ပါတယ် … ။


မောင်ဘုန်း















Tuesday, April 8, 2014

ဆော်လမွန်ကျွန်းပုံပြင်



တစ်ခါက .... ဆော်လမွန်ကျွန်း ဆိုတာ
ယဉ်ကျေးမှု့ ထွန်းကားခဲ့တဲ့ မြို့ ပြတစ်ခုပါ ။

အဲ့ ကျွန်းမှာ နေတဲ့ လူတွေဟာ  ....
စိုက်ပျိုးမို့  အတွက် တောင်ယာမခုတ်ပါဘူး ။

စိုက်ပျိုးမြေအတွက်
မိမိတို့  လိုအပ်သလောက် အကျယ်ဝန်းထိ
လက်တွဲပြီး ဝန်းရံလိုက်ပါတယ် .... ။

ပြီးတော့ .....
အပင်တွေကို ကျိန်ဆဲ ကြပါတယ် ....
ကျိန်စာတွေ ရွတ်ဆိုကြတယ် .....။

ရက်မကြာမှီမှာပဲ  .....
အဲ့ အပင်တွေ ခြောက်သွေ့ ပြီး သေကုန်ပါတယ် .....
ဒီဖြစ်ရပ်ဟာ ယနေ့ အချိန်မှာ
ဆော်လမွန်ကျွန်း ပုံပြင် တစ်ပုဒ် သာဖြစ်ခဲ့ပါတယ် ....။

ဒါပင်မဲ့  .....
လူပတ်ဝန်းကျင်မှာ ရှင်သန်မို့  ခက်ခဲတဲ့
သူတွေကို မြင်ရတော့ ....
ဆော်လမွန်ကျွန်းပုံပြင် တွေအသက်ဝင်လာသလို ခံစားမိပါတယ် .... ။

ဒါဆိုရင်
ကျနော်တို့  ရှင်သန်မှု့ အတွက်
လူ့ ပတ်ဝန်းကျင်ဆို တာ ....
သတိထားစရာပေါ့ ........... ။



Sunday, March 30, 2014

အပြင်ဘက်



နှင်းမှုံတွေကို လွမ်းရင်း
နွေတေး တစ်ပုဒ် ဆိုမိတော့
ကိုဥသြ က အသံကျယ်ကျယ်လှောင် ရီ လေ ရဲ့

ခပ်ဝေးဝေးက …..
တူးပို့  တေးသံတွေ ကြားမိတော့
တစ်ချိန်က တမ်းတမိတဲ့
ရင်ခုန်သံတွေကို ပြန်ရှာမိတယ်
ခပ်အေးအေး အသက်ရှုးသံတွေကြားမှာ
အဝါရောင်ပန်းပွင့်တွေ ထဲက
ဘယ်ဟာ ပိတောက်ပန်း ဖြစ်နေမလဲ အတွေးများနဲ့ 
ရာသီစက်ဝန်းရဲ့ အပြင်ဘက် တစ်နေရာမှာ ....
နေညိုချိန် ဆည်းဆာအောက်က
အိပ့်တန်ပြန် ဌက် တွေကို ငေးကြည့်မိတာ
အကျင့်တစ်ခုပေါ့ ….ဗျာ ….. ။


မောင်ဘုန်း 



Saturday, November 16, 2013

ဥမ္မာဒန္တီ



ဥမ္မာဒန္တီဘွဲ့သင်္ဂီနှင့် ၊ နတ်မှီသဏ္ဌာန်
လှပဟန်မူ ၊ နှိုင်းရန်မပြု
 မိုးအောက်သူတွင် ၊ ဇမ္ဗူမင်းစံ
ရွှေပွတ် ခံဖို့ ၊ ရိုးတံရိုးဆစ်
 ပြေပြစ်ချောမော ၊ မြကြောစိမ်းစိမ်း
 ရှိန်းရှိန်းစိုစို ၊ လှသည့်ကိုယ်၌
 ရှိုက်ဖိုကြီးငယ် ၊ အသွယ်သွယ်မူ
တင့်တယ်စေမှု ၊ သိကြားထုသို့
 ညံ့နုသားရေ ၊ မြဆံကေလည်း
ဖြေသော်ပြန်တက်၊ ဖနောင့်ထက်ဝယ်
 ကျီးနက်တောင်ပံ ၊ ပိတုန်းပျံသို့ ဖိတ်လျှံရောင်ခြည်
 တစ်လဲရှည်လျက်၊ ရိပ်ခြည်မမှိန်
ရုပ်ရည်ထိန်၍၊ ဒေဝိန္ဒရ၊ သိကြားသမီး
စံသီးနတ်တူ ၊ မြင်သသူတို့
လူပုထုဇန် ၊ ပုဂ္ဂိုလ်မှန်မူ
လျက်မြန်ခု မြောက် ၊ သေရည်သောက်သား
မျောက်၏ပမာ ၊ ထောင့်ငါးရာကြောင့်
ကာယိနြေ္ဒ ၊ မှိန်မသေဘဲ
လက်ခြေအာပေါင် ၊ ချွန်းတောင်ဉာဏ်ခိုင်
မချိတ်နိုင်၍ ၊ ထိုင်ယောက်ထယောင်
ကတောင်ကချောက် ၊ စိတ်နောက်ကိုယ်ပါ
ကိုးရာမရ ၊ ရူးအောင်လှသား . . … ။



ဒီကဗျာလေးကို ကုန်းဘောင်ခေတ်စာဆိုတော် ဦးရွှန်း ရေးဖွဲ့ ထားတဲ့  ဥမ္မာဒန္တီ ပျို့  ကဗျာလေးမှ ကောက်နှတ် ထားတာ ဖြစ်ပါတယ် ။ ဥမ္မာဒန္တီ လို့  ဆိုတာနဲ့  ကျနော်ရဲ့ မိတ်တွေ သူငယ်ချင်းများရင်းနှီးပြီးသား ဖြစ်နေမှာ ပါ ။ အခုလို တန်ဆောင်တိုင် လ ရောက်တိုင်း ဥမ္မာဒန္တီ ဇတ်လမ်းလေးကိုသတိရမိပါတယ် … ။

တချိန်က တန်ဆောင်တိုင်လပြည့်ည တစ်ညမှာ အရိဋ္ဌပြည့်ရှင် သိဝိမင်းကြီးဟာ မြို့တော်အတွင်း ဆင်တော်စီးပြီး အပူဇော်ခံ ထွက်လာခဲ့ပါတယ် ။ မြို့ တော်ရဲ့ တစ်နေရာမှာ  စစ်သူကြီးအဘိပါရက ရဲ့ ဇနီးမယား အလှဒေဝီ မယ်ဥမ္မာဒန္တီရဲ့အလှကို မြင်တွေ့ ပြီး  အရူးအမူးဖြစ်ခဲ့ရပါတယ် ။ နောက်ဆုံးမှာတော့ စိတ်ဆိုတဲ့မနောကံနဲ့ ပြစ်မားမိခဲ့တာကို သတိသံဝေဂကြီးစွာရကာ တော ထွက်တော်မူခြင်းဖြစ်ပါတယ် ။

မြန်မာကဗျာတွေထဲမှာ ကုန်းဘောင်ခေတ်စာဆိုတော်များဖြစ်တဲ့ ရွှေတောင်နန္ဒမိတ်နဲ့ မဟာမင်း လှမင်းခေါင်ဦးရွှန်း တို့  ရေးဖွဲ့ တဲ့ ဥမ္မာဒန္တီ ပျို့  ကဗျာများဟာ ထင်ပေါ်ကျော်ကြားခဲ့သလို ဇာတ်သဘင် ဖခင်ကြီး ဂရိတ်ဦး ဘိုးစိန်ရဲ့ ဥမ္မာဒန္တီဇာတ်တော် ဆိုရင် သမိုင်းမှတ်တိုင် တစ်ခုလို ဖြစ်ခဲ့ရပါတယ် … ။

ဥမ္မာဒန္တီ ကို သိဝိဘုရင်ကြီးမြင်တွေ့လိုက်ရတဲ့အခါ ရူးသွပ်ခဲ့ရပြီး ၊ ဆင်တော်ပေါ်မှ လိမ့်ကျလုမတတ် ရာဇဣနြေ္ဒ ပျက်ခဲ့ရပုံတွေကို ပန်ချီ ၊ ကာတွန်း ၊ ပြဇတ် ဆရာများက ဟာသမြောက်အောင် ခေတ်အဆက်ဆက် သရုပ်ဖော် ကျီစယ်ခဲ့ကြပြန်ပါတယ် … ။

အခုလို တန်ဆောင်တိုင် လရောက်တိုင်း စာပေအနုပညာ သမိုင်းမှာ မှတ်တိုင်တစ်ခုဖြစ်တဲ့ ဥမ္မာဒန္တီ ကို ကျနော်တို့ တွေ သတိတရရှိနေကြမယ်လို့  ထင်မိပါတယ် …။

မှတ်ချက် ။။  ဦးရွှန်းကို တချို့  စာပေထဲမှာ အင်းဝခေတ် ပညာရှိအမတ်မင်းလို့  ဖတ်ဘူးပါတယ် ။ ဦးရွှန်းရဲ့ ကဗျာအများစုမှာ ပျို့  ကဗျာများဖြစ်ပြီး ခေတ်ပြိုင် စာဆိုတော်များဖြစ်တဲ့ ဦးကြော့ ၊ ဦးသာ တို့ ရဲ့ ကဗျာများနဲ့  တွဲဖက်တွေ့ ရတာကြောင့် ကုန်းဘောင်ခေတ်လို့ ပဲ ထင်မိပါတယ် ။

ကိုးကား ။။။။ ဥမ္မာဒန္တီအလှနှင့် တန်ဆောင်တိုင်ည  …… အောင်မြင့်မြတ် (ပြည်ရွှေဘို)

 

မောင်ဘုန်း

 

 

Saturday, September 21, 2013

အလင်းစက်များ







အားလုံးပဲ မင်္ဂလာပါ …။ ဒီနေ့  ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လေး ဖြစ်တာမို့  စိတ်ထဲတွေးမိတာလေးကို ချရေးမိပါတယ် ။
ပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  ဆိုလို့ google မှာ Day of Peace ဆိုပြီး ရှာကြည့်မိပါတယ် ။ ဌက်တွေ လွတ်နေကြတာပဲ တွေ့ ခဲ့ရပါတယ် ။ UN ဆိုက်တစ်ခုထဲမှာတော့ International Day of Peace ကို ၁၉၈၁ ခုနှစ်မှာ သတ်မှတ်ခဲ့ ပြီး ၊ ပထမဦးဆုံး အခမ်းနားကို ၁၉၈၂ စက်တင်ဘာမှာ ပြုလုပ်ခဲ့တယ် လို့  သိရပါတယ် ။ ၂၀၀၁ ခုနှစ်မှာတော့  စက်တင်ဘာ ၂၁ ရက်နေ့ ကို International Day of Peace လို့  တရားဝင်သတ်မှတ်ခဲ့ပါတယ် ။

ငြိမ်းချမ်းရေးဆိုတဲ့ စကားရပ်ဟာ ကျနော် တို့  လူသားတွေနဲ့  အတော်ကို ရင်းနှီးပြီးသား စကားပါ ။ လူသားတိုင်း ငြိမ်းချမ်းရေးဆိုတာကို လိုချင်ကြသလို ၊ မငြိမ်းချမ်းအောင်းလည်း ကျနော် တို့  လူသားတွေက ပဲ ဖန်တီးကြသည် မဟုတ်ပါလော …။ အဓိက တရားခံကတော့ ကျနော်တို့  လူသားများ ဖန်တီးတဲ့ စစ်ပွဲများ ဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး ။ လူသားနှင့် စစ်ပွဲဆိုတာ လည်း လူ့ သမိုင်းအစဉ်ဆက် ဖွားဘက်တော်လို့  ပြောလို့ ရတဲ့ အခြေအနေပါ ။

လက်တွေ့  ဘဝ များအတွက် ငြိမ်းချမ်းရေးဆိုတာ ပုံပြင်ထဲက နတ်သမီးလေး တပါးလိုပါပဲ ။ ရာဇဝင်ထဲက   ၁၁ ရာစုမှ ၁၇ ရာစုထိ နှစ်ပေါင်း ၁၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီးလူပေါင်း 23,500,000 ကျော် သေဆုံးခဲ့ရတဲ့ ခရှုးဆိတ်စစ်ပွဲကြီးများ ၊ ကမ္ဘာစစ်ပွဲ ကြီးတွေနဲ့  စစ်အေးလွန်ကာလများမှာ ဖြစ်ပွားလျှက်ရှိတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ၊ အစွန်းရောက် ဝါဒ အကြမ်းဖက်မှုတွေ ၊ အာဏာရှင်စနစ်အုပ်ချုပ်မှုတွေကြောင့် ငြိမ်းချမ်းရေးဆိုတာ ပုံပြင် တစ်ပုဒ်လို ဖြစ်ခဲ့ရပါတယ် ။အမှန်တကယ်ဆိုရင် လူ့ သမိုင်းအစဉ်ဆက် မှာ ဖြစ်ခဲ့ရတဲ့ စစ်ပွဲများဟာ ငြိမ်းချမ်းရေးဆိုတာ အတွက် လုံလောက်တဲ့ သင်ခန်းစာများဖြစ်ပါတယ် ။ ဒီလို လုံလောက်တဲ့ သင်ခန်းစာတွေ ရှိပင်မဲ့ ၊ စစ်ပွဲဆိုတာကို ကျနော် တို့ တွေ မမြင်ချင် မကြားချင်လည်း ယနေ့ ထက်တိုင်မြင်နေရဆဲပါပဲ ။

ကျနော်တို့  လူသားများအတွက် ငြိမ်းချမ်းရေးဆိုတာတဲ့ မျှော်လင့်ချက်ဟာ နာတာရှည် ရောဂါကြီး တစ်ခုလိုပါပဲ ။ ချက်ချင်းကြီး ပျောက်ကင်းအောင် ကုသလို့  မရပင်မဲ့ ၊ ဒီ ရောဂါကို ဝိုင်းဝန်းအဖြေရှာပြီး စိတ်ရှည်ရှည် ထား ကုသမယ်ဆိုရင် လူနာဟာ လုံးဝအကောင်း ပြန်မဖြစ်ရင်တောင် ထိုက်သင့်တဲ့ ရှင်သန်ခွင့်ရမှာသေချာပါတယ် ။

ကျနော် တို့  အတွက် ငြိမ်းချမ်းရေးဆိုတာ လည်း ဒီလိုပါပဲ ။ အတိတ်က သမိုင်းတွေ ၊ သင်ခန်းစာတွေ ကြောင့် ငြိမ်းချမ်းရေး ဆိုတာ ပုံပြင်ထဲက နတ်သမီးလေး တပါးလို  ဖြစ်နေပင်မဲ့ ကျနော်တို့  အားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး ၊ စစ်ပွဲတွေ ကို ဆန့်ကျင်မယ် ဆိုရင် ကျနော် တို့  လိုချင်တဲ့ ငြိမ်းချမ်းရေး ဆိုတာဟာ ကျနော် တို့  ရဲ့ လက်တစ်ကမ်းစာလောက် အကွာမှာ ရှိနေပါတယ် ။ ကျနော် တို့  ရင်ထဲက အမုန်းတရားတွေကို အတိတ်က သင်ခန်းစာတွေ နဲ့  ခြေဖျက်လိုက်ပြီး  အားလုံးသော(အားလုံးသော)လူသားများ တွဲလက်များဖြင့် လှမ်းယူကြမယ် ဆိုရင် ငြိမ်းချမ်းရေးဆို တာ ကျနော်တို့  ရင်ထဲမှာထာဝရ ရှင်သန်နေကြမှာပါ ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ။ အတိတ်သမိုင်း တွေ ၊ အစွန်းရောက် ဝါဒ နဲ့  အာဏာရှင် အုပ်ချုပ်မှု တွေ ဖုံးလွှမ်းထားတဲ့ မှောင်ထုကြီးထဲကနေပဲ ကျနော် တို့  ရင်ထဲက ငြိမ်းချမ်းရေး အလင်းစက်တွေ စုစည်းကြမယ်ဆိုရင် ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပလားမှာသေချာပါတယ် …….. ။ ကိုယ်စီရှိနေတဲ့ ရင်ထဲက အလင်းစက်မျာ ……. စုစည်းကြပါစို့  ….. ။

ယနေ့  ကျရောက်သော ပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကို ဂုဏ်ပြုလျှက်  ……….


မောင်ဘုန်း