Pages

Sunday, November 4, 2012

ဘုန်းရှိပါတယ် …. ။








အားလုံးပဲ မင်္ဂလာပါ ဗျာ ။ ဒီနေ့  အလုပ်ထဲမှာ ဟိုဟိုဒီဒီပြောရင်းက ယောက်ျားတွေမှာ ဘုန်းရှိတယ်ဆိုတဲ့ အကြောင်းပြောမိပါတယ် ။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး ။ ပြောနေတဲ့သူတွေအားလုံး က ယောက်ျားတွေဆိုတော့ ဘုန်းရှိတယ်ဆိုတာကို အားလုံးလက်ခံကြပါတယ် ။ ကျနော်တို့  ငယ်ငယ်ကတည်းက မိဘတွေသွန်သင်ဆုံးမ ထားတာတွေကလည်းရှိတယ်လေ ။ ထမီတန်းအောက်တို့  ၊ အိမ်အောက်တွေဆိုရင်မဝင်ရဘူး  ယောက်ျားလေး ဆိုတာ ဘုန်းရှိတယ်တဲ့ ။ လိုရင်းကိုပြောရရင် မြန်မာ အမျိုးသားတွေကို ဘုန်းရှိတယ်လို့ ပြောရင် အားလုံး ကန့် ကွက် မည့်သူမရှိလောက်ပါဘူးလို့ ထင်ပါတယ် ။

ကျနော် ကိုယ်တိုင်လည်း ယောက်ျားဆိုတော့ ဘုန်းရှိတယ် ဆိုတာလက်ခံပါတယ် ။ ဘာကြောင့် ကျနော် တို့  ယောက်ျားတွေက အလိုလို ဘုန်းရှိနေတာလည်းလို့  ငယ်ငယ်ကတော့ တစ်ခါမှ မတွေးမိခဲ့ပါဘူး ။ အရွယ်ရောက်လာတော့ တွေးမိပါတယ် ။ ဘာကြောင့်များအလိုလို ဘုန်းရှိနေတာလည်းပေါ့ ။ နောက်တစ်ခုက ဘုန်းရှိတယ်ဆိုတာ တစ်ကယ်ပဲလား ဒါမဟုတ် ရိုးရာအစဉ်အဆက် ယုံကြည်ခဲ့လို့  ကျနော်တို့ တွေ မိမိကိုယ်ကို ဘုန်းရှိတယ်လို့ များ ထင်နေတာများလားလို့  တွေးကြည့်မိပါတယ် ။

ဗုဒ္ဓဘာသာ စာပေထဲမှာပဲကြည့်ကြည့် ၊ မြန်မာ့ရာဇဝင် စာပေထဲမှာပဲကြည့်ကြည့် ယောက်ျားတွေမှာ ဘုန်းရှိတယ်ဆိုတာ အထင်အရှားကို တွေ့ ရပါတယ် ။ စာပေတွေထဲမှာ ယောက်ျားတွေဟာ ဘုန်းတန်ခိုးရှိတယ် ။ ဘုန်းကျက်သရေ ရှိတယ် … စတဲ့အရေးအသားများကိုတွေ့ ရပါတယ် ။ မြန်မာစကားပုံတစ်ခုမှာ “ ယောက်ျားတို့ ဘုန်း လက်ရုံး မိန်းမတို့ ဘုန်း ဆံထုံး ” လို့ ဆိုတဲ့ စကားပုံတစ်ခုမှာတော့ ဆံထုံးရှိတဲ့ အမျိုးသမီးတွေဟာ ကျက်သရေ ရှိတယ်လို့  ဆိုလိုခြင်းဖြစ်ပါတယ် ။ ယောက်က်ျားတွေလို ဘုန်းရှိတာကို ဆိုလိုခြင်းမဟုတ်ပါဘူး ။ ယနေ့ အချိန်မှာတော့ ဘုန်းရှိတယ်လို့  ဆိုတဲ့စကားရပ်ကို တန်ခိုး ရှိတယ် ၊ ကျက်သေရေ ရှိတယ် ဆိုတာထက် မြင့်မြတ်တယ်လို့ ပဲ အားလုံး နားလည်လက်ခံထားတာတွေ့ ရပါတယ် ။ ဆိုလိုချင်တာက ယောက်ျားတွေ ဘုန်းရှိတယ်ဆိုတာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မြင့်မြတ်တယ် လို့  အဓိပ္ပါယ်ရပါတယ် ။

ဟုတ်ပါပြီ …  ။ ကျနော် တို့ ယောက်ျားတွေဟာ အမျိုးသမီးတွေ ထက်မြင့်မြတ် ပါတယ် ။ တနည်းဆိုရရင် ဘုန်းရှိပါတယ် ။  ဘာလို့ များ အလိုလို ဘုန်းရှိနေတာလည်း …. ???? ။ ဒီနေရာမှာ ရိုးရာအစဉ်အဆက် ယုံကြည်မှု  ကိုခဏလောက်မေ့ထားပြီး တွေးကြည့်ရအောင်နော် … ။ လူတစ်ယောက်မွေးဖွားလာတာချင်းတူတူ ယောက်ျားတွေကမှ ဘုန်းရှိတယ် တယ်လို့  ဆိုရင် လက်ခံနိုင်မလား … ။  လက်မခံဘူး လို့ မပြောရင်တောင် နည်းနည်းလေးတော့ တွေဝေသွားမှာပါ ။ ကျနော် အထင်ပြောတာပါ ။

ကျနော် ပတ်ဝန်းကျင်မှ ဘုန်းရှိပါတယ်ဆိုတဲ့ သူတစ်ယောက်အကြောင်းပြောပြချင်ပါတယ် ။ လွန်ခဲ့တဲ့ သုံးလလောက်က ကောင်မလေးတစ်ယောက်နဲ့   living together နေကြပါတယ် ။ ကောင်မလေး မှာ ကောင်လေးအပေါ်ယုံကြည်လွန်းသဖြင့် အလုပ်မှထွက် ၊ overstay လုပ်ကာ ကောင်လေးအလုပ်ရှိရာ ဒေသမှာ လိုက်ပါနေထိုင်ခဲ့ပါတယ် ။ ဘာမှအဆင်သင့် မဖြစ်သေးတဲ့ ဘဝတစ်ခုကို လက်တွေ့ ရင်ဆိုင်တဲ့အခါ အခက်အခဲတွေအများ ရှိနေတက်တာပေါ့ ။ အဆိုးဆုံးက ကောင်းမလေးဖြစ်သူဟာ ကျန်းမားရေးမကောင်းတဲ့ ကြားထဲကမှ ကိုယ်ဝန်လွယ်ထားရပြန်ပါတယ် .။ တစ်နေ့ မှာ သူတို့ နှစ်ဦး ငွေကြေးကိစ္စတစ်ခုကို အခြေပြုပြီး စကားများကြပါတယ် ။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ။  အဲ့ဒါကိုအကြောင်းပြုပြီး   ကောင်းလေးက ဖြစ်ဖြစ်ခြင်း နှစ်ရက်တိတိ ကောင်းမလေးရှိရာ အိမ်ကို မပြန်ပဲ နေလိုက်ပါတယ် ။ သုံးရက်မြှောက်တဲ့နေမှာတော့ ပျောက်သွားပါလေရောဗျာ .. ။ 

ဒီလိုနဲ့ ပေါ်လာနိုးစောင့်ရင်း  နီးရာရဲစခန်းတွေမှာ ရှာ ဟိုရှာဒီရှာနဲ့  ပတ်ဝန်းကျင်ကပါ မနေနိုင်တော့ပဲ လိုက်ရှာရတာပေါ့ ။ နောက်ဆုံးသတင်းရလိုက်တာက မြန်မာပြည်ပြန်သွားပါပြီတဲ့ … ။ ဒီကောင်လေးဟာ မြန်မာပြည်မှာလည်း တရားဝင် ဇနီးမယားရှိ သတဲ့ ။ အဲ့ဒါအပြင်အခုလို living together နေတာဟာ သူ့အတွက် ဒုတိယ အကြိမ်ဖြစ်ပါသတဲ့ … ။ ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း သနားပြီးကောင်မလေးအတွက် တက်နိုင်သလောက်ကူညီပေးတဲ့ သူတွေရှိသလို  … “ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး ” ဆိုပြီး ပြောတဲ့သူတွေလည်းရှိပါတယ် ။ ဒီဖြစ်ရပ်လေးရဲ့ အဆုံးမှာတော့ ကောင်းမလေးအတွက် နောင်တတွေရယ် ၊ ကိုယ်ဝန် ၅ လ ရယ်ကျန်ခဲ့ပါတယ် ။ဒီဖြစ်ရပ်လေးကို ကြည့်မယ်ဆိုရင်  “ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် ” လို့ ဆိုပင်မဲ့ ဘုန်းရှိပါတယ်ဆိုတဲ့ ယောက်ျား တစ်ယောက်အနေတော့ ဘယ်လိုမှ မသင့်တော်ဘူးလို့ ဆိုရင် အားလုံးလက်ခံလောက်ပါတယ် ။

ကျနော် အထက်မှာပြောခဲ့သလို  ကျနော် တို့ ယောက်ျားတွေဟာ ရိုးရာအစဉ်ဆက် မိမိကိုယ်ကို ဘုန်းရှိတယ်လို့  ယုံကြည်ခဲ့ပါတယ် ။ တနည်းပြောရရင် မွေးလာကတည်းက အလိုလို ပါလာတာပေါ့ ။ ဒါပင်မဲ့ ဘုန်းရှိပါတယ် ဆိုတဲ့ ယောက်ျားတချို့  လုပ်ရပ်ကြောင့် ကျနော်တို့ မှာ အလိုလိုနေရင်း ဘုန်းရှိတယ်ဆိုတာ သံတယ ဖြစ်လာမိပါတယ် ။ တစ်ကယ်သာ ဘုန်းရှိတယ်ဆိုရင် အထက်ပါ လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ပါဘူး… ။

ကျနော် ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်တိုင်းမှာ အထက်ပါ ဖြစ်ရပ်မျိုးတွေ မကြာမကြာတွေ့ ရပါတယ် ။ ဒါကြောင့် ကျနော် တို့  ယောက်ျားတွေမှာ မွေးလာကတည်းက အလိုလို ဘုန်းရှိတယ် ဆိုတဲ့ ရိုးရာအစဉ်ဆက် ယုံကြည်မှု့  ကိုကျနော် အနေနဲ့  တော့ လက်ခံမို့ တော်တော်ကို အခက်တွေ့ ရပါတယ် ။
ကျနော် တို့ မှာ ဘုန်းရှိပါတယ် …. ။ ဒါမင်မဲ့ ကျနော် တို့  ကိုယ်တိုင်ဘုန်းရှိအောင်နေထိုင်မှ ဘုန်းရှိမှာ ဖြစ်ပါတယ် ။ ဒါဟာ ကျနော် တို့ ယောက်က်ျားတွေ အတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပါပဲ ။ အမျိုးသမီးတွေ ဘယ်လိုပဲ ဘုန်းရှိအောင်နေ နေ ဘုန်းရှိတယ် သတ်မှတ်ခံရမှာ မဟုတ်ပါဘူး ။ ကျနော် တို့ ကတော့ ဘုန်းရှိအောင် နေရင် ဘုန်းရှိတယ်လို့  သတ်မှတ်ခံရမှာပါ ။

နယူတန်က တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ သီအိုရီကို တွေ့ ရှိခဲ့တာ ရာစုနှစ်တွေကြာခဲ့ပါပြီ ။ နယူတန်ဆိုတာ မမွေးခင်ကတည်းက ကျနော်တို့  ဗုဒ္ဓမြတ်စွာဘုရားက ကံ ကံ၏အကျိုးဆက်နှင့် ဝဋ်လည်တက်တယ်ဆိုတာ တရားတော်တွေထဲမှာ ဟောကြားထားပြီသားဖြစ်ပါတယ် ။ သဘောတရားတူတူပဲနော် …. ။

 ဖြူစင်တဲ့ သတိုးသမီးကိုလိုချင်ရင် မိမိကိုယ်တိုင် ဖြူစင်သင့်ပါလား ….
မြတ်နိုးတန်ဖိုးထားခံစေချင်ရင် မိမိကိုယ်တိုင် မြတ်နိုးတန်ဖိုးထား တက် သင့်ပါလား …
အချစ်စစ်အချစ်မှန် ကိုလိုချင်ရင် မိမိကိုယ်တိုင် အချစ်စစ်အချစ်မှန် ရှိသင့်ပါလား …. ။

မြန်မာစကားပုံတွေထဲက  “ ယောက်ျားကောင်း မောင်းမ တစ်ထောင် ”  ….  “ အသားမစားတဲ့ကျားမရှိဘူး ” …. စတဲ့ စကားပုံတွေဟာ ဘုန်းရှိပါတယ် မြင့်မြတ်ပါတယ် ဆိုတဲ့ ရိုးရာအစဉ်အဆက် ယုံကြည်မှု နဲ့  ကိုက်ညီပါလား … ။ တစ်ခုခုတော့လွဲနေပြီလို့  ထင်မိပါတယ် ။ သေချာတာကတော့ ကျနော်တို့  မှာ ဘုန်းရှိပါ …. အလိုလိုပဲရှိနေတာလား …… ဒါမှမဟုတ်   ……. ……. ………………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………………
……………………………………………………………………………………………………………… ဘုန်းရှိပါတယ် ။



ဓာတ်ပုံကို google မှ ရယူခဲ့ပါသည် ။


မောင်ဘုန်း



Monday, October 29, 2012

သီတင်းကျွတ်တော့မည် .... ။










တိမ်ညိုညို ဖုံးပါလို့ 
ဆန်းသော်တာ ရောင်ဖြာညှိုး
မှောင်တစ်ခါ ထိန်တစ်ချက်
မရွှင်သာ လွမ်းတမိလေ ….
(သြော်) … ဒီအချိန် ရွှေပြည်မှာဖြင့်
နှင်းမှုံတွေ ဝေပါလို့ 
ဆန်းသော်တာ ရောင်ဖြာထွန်း
သုံးရာသီ ဘယ် မမှီဘူး
တို့  ပြည်မှာဖြင့် သီတင်းကျွတ်တော့ မည် ။


သုံးလူ့ သခင် ဓမ္မအရှင်
ရည်မျှော်မှန်းဆ  ကြိုသည့်ပွဲမှာ
ဆီမီးတွေဖြာ သီလရှာ
ဘိုးဖွား မိဘ ဆရာ အစ
 ဦးခိုက် ရှစ်ခိုး ရိုးရာထူးနှင့်
မြတ်မဟာပွဲ ကို
တရပ်မှာနေ တမြေခြားပါလို့ 
လွဲရပေါ့ အခါခါ
လွမ်းတမိ လေ … သီတင်းကျွတ်တော့မည် … ။



ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများ ထူးမြတ်လှတဲ့ သီတင်းကျွတ်ပွဲတော်မှာ လွမ်းမောခြင်းကင်းစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေလို့  ဆုတောင်းမိပါတယ် .... ။



Photo: Aye Lwin Oo, Shwe Pachi (Yamaethin) ဓာတ်ပုံကို photoshop အသုံပြုပြီး လက်ဆော့ ထားမိပါသည် ။



မောင်ဘုန်း




Saturday, October 13, 2012

တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း








အားလုံးပဲ မင်္ဂလာပါ ။ အချိန်လေးရတာနဲ့  တွေးမိတဲ့အကြောင်းအရာလေး တစ်ခုကို လေ့လာဖတ်ရှုရင်း ကျနော်ရဲ့ ယူဆချက်များနဲ့ ပေါင်းစပ်ကာ ဒီ Post လေးကို ရေးမိတာပါ … ။ လွတ်လပ်စွာပဲ ကျနော်ရဲ့ ထင်မြင်ချက်လေးကို ချရေးမိပါတယ် ။ ခေါင်းစဉ်ကိုတော့ “ တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း ” လို့  အမည်းပေးလိုက်မိပါတယ် ။

ယနေ့  အချိန် မှာ “ လူ့ အခွင့်အရေး …. လူ့ အခွင့်အရေး ”ဆိုပြီး နိုင်ငံတိုင်းပြောနေကြတာ သတင်းစာမျက်နှာတွေ က သက်သေ ပါပဲ ။  ဒါပင်မဲ့  တစ်နေ့ တခြား ကြီးထွားနေတဲ့ လူတန်းစားကွာဟမှု့ ကိုတော့ ကျနော် တို့ လို ဟိုမရောက်ဒီမရောက် လူတန်းစားများ မျက်မြင်ကိုယ် တွေ့ ပါပဲ ။ လူတန်းစားကွာဟမှု တစ်ခုတည်းမဟုတ်ပါဘူး အရင်းရှင်  အုပ်ချူပ်မှု တွေပါ တွေ့ ရတတ်ပါတယ် ။ ပညာရှင်တွေကတော့ ဒါကို ၂၁ ရာစုရဲ့ လက်ဆောင်တစ်ခုလို့  သတ်မှတ်ထားပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ “ လူသားတိုင်း တန်းတူအခွင့်အရေး ” ရှိရမည်ဆိုတဲ့ ကြွေးကြော်သံများကတော့ အားရစရာပါပဲ ။ တစ်ကယ်ပဲ ကျနော်တို့ လူသားများတန်းတူအခွင့်အရေး ရနိုင်မှာလား … ? ။ ကိုယ်တိုင်လည်း ပါဝင် မလုပ်ဆောင်နိုင်တော့ ဘေးကနေကာ  လက်ခုပ်တီးပြီး မျှော်လင့်ရတာပေါ့ ။ ကျနော်တို့ လူသားတိုင်းမှာ စာနာတတ်တဲ့ စိတ်အခြေခံလေးတော့ ရှိတတ်ကြပါတယ်  ။ ဘယ်သူမဆို ဆင်းရဲဒုက္ခရောက်နေတဲ့ သူကို တွေ့ ရင် အနည်းနဲ့  အများတော့ သနားတက်ကြတာ လူ့ သဘာဝပါပဲ ။ ဒီလို ဆင်းရဲမွဲတေတဲ့ လူတန်းစားများအတွက် တန်းတူအခွင့်အရေးဆိုတာ အမှောင်ကမ္ဘာထဲက ဖယောင်းတိုင်လေး တစ်တိုင်လို တန်ဖိုးရှိလှ ပါတယ် ။
  
တန်ဖိုးရှိလှတဲ့ ဖယောင်းတိုင်လေးလို လူသားတိုင်း တန်းတူအခွင့်အရေး ဆိုတာ ဖြစ်နိုင်၏ ။ မဖြစ်နိုင်၏ ဆိုတာလေးကို ကျနော် ဥာဏ်မှီသလောက် စဉ်းစားမိရင်း ၊ လှု့ အခွင့်အရေးဆုံးခဲ့ရတဲ့ မှတ်တမ်း သမိုင်းစာမျက်နှာတွေ ကိုလည်း  ဖတ်ရှုမိခဲ့ပါတယ် ။ ဒီနေရာမှာ တန်းတူအခွင့်အရေး ဆိုတာအတွက် အတားအဆီးလေးတစ်ခု ကို သတိပြုမိပါတယ် ။ ဒီအကြောင်းအရာလေးကတော့  “ ဓလေ့ထုံးတမ်း ” ဆိုတာပါပဲ … ။

ကမ္ဘာပေါ်မှာ မတူညီတဲ့ လူမျိုးတွေဟာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ ၊ ရိုးရာယဉ်ကျေးမှု့ တွေ အမျိုးမျိုး ရှိတာကြောင့်  လူသားတိုင်းအတွက် တန်းတူအခွင့်အရေးဆိုတာဟာ တချို့ နေရာတွေမှာ ဓလေ့ထုံးတမ်း ဆိုတဲ့ အကြောင်းအရာ အောက်မှာ ပျောက်ဆုံးနေတာတွေကို အထင်အရှားတွေ့ ရပါတယ် ။  အဖြစ်များတဲ့ အကြောင်းအရာလေး တစ်ခုကတော့ အမျိုးသား အမျိုးသမီး ခွဲခြားခံရခြင်း ပါပဲ ။ ဓလေ့ထုံးတမ်း အများစုမှာ အမျိုးသားတွေဟာ မြင့်မြတ်တယ် ။ ဒါကြောင့် အမျိုးသားများသာ အုပ်ချူပ်သူ လူတန်းစားပဲ ဖြစ်သင့်တယ် ဆိုတဲ့ အချက်ပါပဲ ။

ဥပမာတစ်ခုအနေနှင့်ပြောရရင် နီပေါနိုင်ငံမှာ ၂၀၀၅ခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ မြေယာပိုင်ဆိုင်ခွင့် မရှိသလို ဘဏ်စာရင်း ထားပိုင်ခွင့်မရှိပါဘူး ။ ဒါအပြင် သမီးဖြစ်သူက အဖေကို အားကိုးရတယ် ။ ဇနီးလုပ်သူက ခင်ပွန်းကို အားကိုးရတယ် ။ အမေလုပ်သူက သားသမီးကို အားကိုးရတယ်လို့  ဓလေ့ထုံးတမ်း တစ်ခုလို လက်ခံ ယုံကြည့်ခဲ့တာ တွေ့ ရပါတယ် ။ နီပေါနိုင်ငံမှာ ၂၀၀၅ ခုနှစ် ကျမှ အမျိုးသမီးများ မြေယာပိုင်ဆိုင်ခွင့် ၊ ဘဏ်စာရင်း ထားရှိခွင့် ဆိုတဲ့ တန်းတူအခွင့်ရေးတချို့  နီပေါအမျိုးသမီးလူထု ခံစားနိုင်ခဲ့ရတာပါ ။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် တန်းတူအခွင့်အရေးဆိုတာအတွက် ဓလေ့ထုံးတမ်း ကို ပယ်ဖျက်ရတယ် ဆိုတာပါပဲ ။ အမျိုးသား အမျိုးသမီး ခွဲခြားခံရတဲ့ ဖြစ်စဉ် တော်တော်များများဟာ ဓလေ့ထုံးတမ်းကို အခြေပြုနေတာ တိုက်တိုက်ဆိုင်ဆိုင်တွေ့  ရပါတယ် ။

ကျနော် အကြောင်းအရာလေးတစ်ခုလောက် ပြောပြချင်ပါသေးတယ်။မြန်မာနိုင်ငံလူ့ အခွင့်အရေး
လှုပ်ရှားမှု တွေထဲက  လိင်လုပ်သားများအတွက် တန်းတူအခွင့်ရေးဆိုတာပါပဲ ။ လိင်လုပ်သားများ တန်းတူအခွင့်အရေး ဆိုတဲ့အကြောင်းအရာဟာ မြန်မာ့ရိုးရာဓလေ့ထုံးတမ်း ကို မျက်ကွယ်ပြုသလို ဖြစ်နေတဲ့ အခြေအနေပါ ။

လိင်တူဖြစ်စေ ၊ ပြည့်တန်ဆာ ဖြစ်စေ ဒီလုပ်ငန်းဟာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း နဲ့  ကိုက်ညီမှု့  မရှိဘူးဆိုတာ အငြင်းပွားဖွယ်ရာ မရှိလောက်ပါဘူး ။ ဒါကြောင့်လည်း ၁၉၄၉ ခုနှစ်မှာ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြဌာန်း ခဲ့ပြီး တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်ဒဏ်မျိုးကို ထားရှိခဲ့ပါတယ် ။ ဒီနောက်မှာတော့ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ချနိုင်သည်အထိ ပြင်ဆင်ခဲ့ပြန်ပါတယ် ။ ဒီဥပဒေဟာ ထိရောက်မှု့ ရှိမရှိဆိုတာတော့ တစ်နေ့ တခြားအရေအတွက်တိုးနေတဲ့ လိင်လုပ်သားများက သက်သေပါပဲ ။

ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ လိင်လုပ်သားများကို တန်းတူအခွင့်ရေးဆိုတာနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကွာဟမှု့ ကြီးမားနေတာတွေရပြန်ပါတယ် ။ ဖြစ်စဉ်များကို ခြုံကြည့်မယ်ဆိုရင် တရားမဝင်ဆိုတဲ့ စကားရပ်ကြောင့် လူသားအချင်းချင်း ညှင်းပန်နှိက်စက် ခံရတဲ့ အခြေအနေမျိုးတွေထိ ရှိနေတယ်ဆိုတာ အားလုံးလည်း သိလောက်မှာပါ ။ နောက်တစ်ချက်က တရားမဝင် ဆိုတဲ့ စကားရပ်အောက်မှာ လိင်လုပ်သားများရဲ့ ကျန်းမာရေးအသိ ပျောက်ဆုံးနေတာကြောင့်  လိင်မှတစ်ဆင့်ကူးစက်စေတဲ့ ရောဂါများ ကျနော်တို့ နိုင်ငံမှာ သိသိသာသာ တိုးပွားလျှက်ရှိတယ်ဆိုတာ ကျန်းမာရေးစာမျက်နှာတွေက သက်သေတည်လျှက်ပါ ။

အခုလို လိင်မှတစ်ဆင့်ကူးစက်စေတဲ့ ရောဂါများ တိုးပွားနေတာဟာ တနည်းအားဖြင့် ပြည်သူ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်လျှက် ရှိနေပါတယ် ။ မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန ၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ရဲ့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015  ''တွင် ပါရှိတဲ့ ဖော်ပြချက်များအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ နှစ်သိန်းဝန်းကျင်ခန့်  ရှိပြီး တစ်ရက်ကို ၂၃ဦးခန့်  ကူးစက်ခံနေရတယ်လို့  ဖော်ပြထားပါတယ် ။  ဒီဖြစ်ရပ်များကို ခြုံပြီးကြည့်မယ်ဆိုရင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေရဲ့  တရားမဝင်ဆို တဲ့စကားရပ်ကို အခြေပြုနေတယ်လို့  ကျနော် အနေနှင့် ယူဆမိတယ် ။

ကျနော်ရဲ့ blogger မိတ်ဆွေသူငယ်ချင်းများ ခဗျာ …. လိင်လုပ်သားများ တန်းတူအခွင့်အရေး ဆိုတာအတွက် မြန်မာ့ဓလေ့ထုံးတမ်းကို ပယ်ဖျတ်ပြီး ဥပဒေဖြင့် စီစစ်ထိန်းချူပ်ကာ ပြည်သူ့ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည်လော …..  ????? ။ ဒါမှမဟုတ် မြန်မာ့ဓလေ့ထုံးတမ်းကို ထိန်းသိမ်းကာ တိကျပြတ်သားတဲ့ ဥပဒေတစ်ရပ်ဖြင့် ပြည်သူ့ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည်လော …. ?????? ။

ပြည်သူ့ ကျန်းမာရေးအတွက် တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း တစ်ခုခုကိုတော့ ရွေးချယ် လုပ်ဆောင်သင့်တဲ့ အချိန်ရောက်ပြီလို့  တွေးမိရင်း ဒီ post လေးကို အဆုံးသတ်လိုက်ပါတယ် … ။

ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများနဲ့  မတော်တဆဖတ်မိသူအပေါင်း ကျန်းမာပျော်ရွှင်ကြပါစေ ။



ကိုးကား

နီပေါ အမျိုးသမီးများရဲ့ လူ့အခွင့်အရေးတိုက်ပွဲ (ခင်မမမျိုး)
မြန်မာ အိတ်ခ်ျအိုင်ဗွီ သတင်းအချက်အလက်
ဓာတ်ပုံကို google မှရယူခဲ့ပါသည်


မောင်ဘုန်း


Sunday, October 7, 2012

ကျနော် နှင့် လက်တလော



အားလုံးပဲ မင်္ဂလာပါဗျာ ... ။ ကျနော် မောင်ဘုန်းတစ်ယောက် online ပေါ်က ပျောက်သွားလိုက်တာ တစ်လ ကျော်ကျော် ရှိပြီထင်ပါတယ် ။  mail ပို့ ပြီး သာကြောင်း မာကြောင်း မေးကြတဲ့ သူငယ်ချင်းတွေကိုလည်း အထူးကျေးဇူးတင် ရပါတယ် ။ တချို့ က လဲ မောင်ဘုန်း တစ်ယောက် အသဲကွဲနေပြီတဲ့ ။ တချို့ ကလည်း မိန်းမ ခိုးပြေးတယ် လို့  ပြောကုန်ကြပါတယ် ။

အမှန်တိုင်းပြောရရင်တော့ အလုပ်နည်းနည်းများနေတာရယ် အချိန်လေးရလို့  online သုံးမယ်လုပ်တော့ ဝယ်ထားတဲ့ လိုင်းကတ်က အဆင်မပြေတာကြောင့် မရောက်ဖြစ်တာပါ ။ အသဲကတော့ မကွဲသေးပါဘူး ။ လိုရမယ်ရတော့ အသဲကွဲ သီချင်း သုံးပုဒ်လောက် အလွတ်ကျက်ထားပါတယ် ။ မတော်မဆများ ကွဲရင်တော့ အဆိုတော်ဖြစ်တာပေါ့ ဗျာ ... :D .... ။

၂၀၁၂ ဟာ ကျနော် အတွက်တော့ ခရီးသွားနှစ်ပါပဲ ။ အလုပ်မှာ တစ်ပတ်တစ်ခါ ခရီးထွက်ရပါတယ် ။ အကြောင်းကတော့ လုပ်ငန်းသုံး တရုတ်ကားတွေကို မလေး ဒေသ အလိုက်ပြပွဲလုပ်ပြီး အရောင်းမြှင့်တင်ရေး အစီစဉ်မှာ ကျနော်က ကားအသစ်တွေ လိုင်စင်ဝင်ရင် pass အောင်စစ်ဆေးရေးအဖွဲ့  မှာ တာဝန်ယူ လိုက်ရလို့ ပါ ။ အဖွဲ့ ဆိုလို့  လူအများကြီးမဟုတ်ပါဘူး ။ အားလုံးပေါင်းမှ ကျနော် တစ်ယောက်တည်း ပါ ။

အခုလပိုင်းမှာ ကျနော် တို့  အလုပ်ရုံကနေ JAC လုပ်ငန်းသုံး တရုတ် ကားတွေကို တော်တော် များများ သွင်းပါတယ် ။ အလုပ်ရုံမှာ တပ်ဆင်စစ်ဆေးတဲ့ အပိုင်းလုပ်ပြီး ဒေသအတွင်းက အရောင်းကိုယ်စာလှယ်တွေဆီ မှာ JAC ပြပွဲတွေ လုပ်ကာ အရောင်းမြှင့်ရေး အစီစဉ်တွေ လုပ်ကြပါတယ် တယ် ။

ဒေသအတွင်းမှာ ရှိတဲ့ အရောင်းကိုယ်စားလှယ်တွေ အနေနဲ့  ပြပွဲ ကုန်ကျစရိတ် ၊ မိမိနေရာအထိ  JAC ကားတွေကို သယ်ယူစရိတ် ၊ JAC ကားတွေကို အရောင်းပြခန်း ထားရှိတဲ့ အထွေထွေ စရိတ် ကို စိုက်ထုတ်စရာ မလိုပါဘူး ။ အားလုံး အထွေထွေ ကုန်ကျစရိတ်ကို ကုမ္မဏီက ရှင်းပါတယ် ။ ဒါအပြင် ကားတစ်ကို သတ်မှတ်ထားတဲ့ ဈေးထက် အရောင်းကိုယ်စာလှယ်က စိတ်ကြိုက် ရောင်းခွင့်ရှိပါတယ် ။ သတ်မှတ်ထားတဲ့ ဈေးနှုန်းမှာလည်း အရောင်းကိုယ်စားလှယ်အတွက် သက်သက် ရာနှုန်း ပါပြီးသာပါ ။

တရုတ်တွေ က အဲ့လို ဝန်ဆောင်မှု့ ကောင်းတာကြောင့် မလေးဒေသ အတွင်းမှာ ရှိတဲ့ ရောင်းကိုယ်စာလှယ်တွေ JAC ကားတွေ ကို မိမိအရောင်းပြခန်းမှာ တင်ကြမို့  အလု အယက် တွေဖြစ်ကုန်ပါတယ် ။ 

ကျနော် မောင်ဘုန်းလည်း အထုတ်လေးပိုက်ပြီ ဟိုအရောင်းပြခန်းမှ တစ်ပတ် ဒီအရောင်းပြခန်းမှာ တစ်ပတ် နဲ့  ချာချာလည် နေတာပါပဲ ။ JAC ကားတွေ ကို အမျိုးစား နှစ်မျိုးခွဲ ထားပါတယ် ။ တစ်တန် ကားနဲ့  သုံးတန် ကားဆိုပြီ ခွဲထားပါတယ် ။ တစ်တန်ကား ရောင်းဈေးက RM ၅သောင်းကျော် မှ ၅သောင်းခွဲ ထိ ၊ သုံးတန် ကားကတော့ RM ၇ သောင်းကျော်မှ ၇ သောင်းခွဲထိ  သတ်မှတ်ထားတွေ့ ရပါတယ် ။ ဒေသတစ်ခုနဲ့ တစ်ခု နည်းနည်းတော့ ကွာပါတယ် ။


























အခုကျနော် ရောက်နေတဲ့ အရောင်း ပြခန်း ပါ ။ နေရာ က  kalang  မှာပါ ။ ဟိုတလော က တရုတ်ကားတွေ မှာ Asbestos Fiber များ ပါရှိတာကြောင့်  သြစတြေးလျနိုင်ငံ က တင်သွင်းခွင့် ပိတ်တယ်လို့  သိရပါတယ် ။ ကျနော် လည်း အလုပ်ထဲက တရုတ်တွေ ပြောပြပါတယ် သိလားလို့  ...  ။ သူတို့ ပြန်ပြောပါတယ် " ကြာရောပေါ့ကွာ " တဲ့ .... ။ Asbestos Fiber ပါ မပါတော့ မသိပါဘူး ။ အခုတော့ အရောင်း ကိုယ်စားလှယ်တွေရဲ့ ကြော်ငြာ အားကြောင့် သိသိသာသာ ဒီကားတွေ ရောင်း ကောင်းနေပါတယ် ။

ကျနော် အလုပ်ကတော့ ဒီကားတွေ လိုင်စင်ဝင်မို့  အတွက် လိုင်စင် pass  ရန်တွက် စစ်ဆေးရတာပါ ။ တရုတ်တွေ လက်ရာကတော့ ထူးဆန်းလွန်းပါတယ်ဗျာ ။ တစ်စီးနဲ့  တစ်စီ weight မတူဘူး ။ နည်းနည်း ပါးပါး လွဲတာ မဟုတ်ပါ ။ ကြံဖန်ပြီ လိုင်စင်ဝင်မို့  ဖြုတ်လို့ ရတဲ့ အပိုင်းတွေ ဖြုတ်လိုက်ဖြုတ်ရပါတယ် ။ လိုင်စင်ဝင်ရင် တန်ချိန်မို့  အတွက် သံတုံးတွေ ထည့်ထားတဲ့ ဆီတိုင်ကီ ကို ထူးထူးဆန်းဆန်း တွေ့ ခဲ့ပါသေးတယ် ။  နောက်တစ်ခု တစ်တန်ကား နောက် body က ၁၀ ပေ ပါ ။ သုံးတန်ကား ကတော့ ၁၄ ပေ ပါ ။ တရုတ်ပေတံပဲ မှားလား ကျနော် တို့ ပေတံ တွေပဲ မှားလားတော့ မသိပါ လိုတဲ့ဟာ လို ပိုတဲ့ဟာ ပို့ လို စက်ရုံ ပြန်ပို့  ဖြတ်ညှပ်ဆက်တွေ လုပ်ရပါတယ် ... ။ ကျန်ပါသေးတယ် မရေးတော့ပါဘူး ။ 

ကယ် .... ဘာတွေရေးမိမှန်းကို မသိတော့ ဘူး ဒီနားမှာ အဆုံးသတ်တော့မယ်ဗျာ .... ။ အယ် ... ပြောပြစရာလေး တစ်ခု ကျန်သေးတယ် အလုပ်ကြောင်းတော့ မဟုတ်ဘူး ။ ပြီခဲ့တဲ့ အပတ်ကပါ ဘယ်နေ့ လဲတော့မမှတ်မိတော့ဘူး ။  နေ့ လည် ၁ နာရီလောက်က အလုပ်လုပ်ရင်း နေ့ ခင်းကြီး မှောင်သွားလို့ ကောင်းကင် ကို မော့ ကြည့်တော့ မြန်မာလို ဆိုရင် နေထီးဆောင်း တယ်ပေါ့  ဟုတ်လား မသိဘူး လူကြီးတွေ ပြောတာကြားဘူးတယ်လေ အရင်ကလည်း တွေ့ ဘူးတယ် ။ အခုဟာ ကတော်တော် မှောင်သွားတယ် ဗျာ  ။   ကျနော် ဓာတ်ပုံ ရိုက်လိုက်သေးတယ် ကြည့်ကြည့်နော် .... 






အဲ့လို ကြီးဗျာ ... ခဏလေးရယ် နောက်တော့ ပြန်လင်းသွားတယ် ရိုက်လိုက်တဲ့ အချိန်က မှောင်သွားတဲ့ အချိန်ပါ ။  မလေး မှာ နေတဲ့ သူငယ်ချင်းတွေ သတိထားမိလား မသိဘူး ။  


အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ ... ။



မောင်ဘုန်း