Pages

Tuesday, March 12, 2013

ရိုးရှင်းတဲ့ သက်ရှိ လူသား





လှံစိုက်ရာမြေနိမ့် …. ဆိုရမလား မြေနိမ့်ရာလှံစိုက်လို့  ပြောရမလား… ။ လှံလာစိုက်လို့  မြေ နိမ့်သွားတာလား … ။ မြေနိမ့် လို့  လှံ လာစိုက် တာလား … ကျနော် မသိပါ ။ ကျနော် တို့ နှစ်တွေ တော်တော်ကြာ မရှိအတူရှိအတူ နေ့ ရက်တွေ ဖြတ်သန်းခဲ့ဘူးတယ် ။ မျှော်လင့်ချက်ကိုယ်စီနဲ့  ကုသိုလ်များများ မလုပ်ဖြစ်ပင်မဲ့ အကုသိုလ်မဖြစ်အောင် နေထိုင်ခဲ့ပါတယ် ။

အဖြစ်အပျက်က မြန်ဆန်လွန်းပါတယ် ။ မမြဲခြင်းတရားဆိုတာ သိပင်မဲ့ ဘယ်လိုမှ ဖြေမရ ပါ ။ ဒီနေ့  ည ၆နာရီ ၁၅မိနစ်လောက်အချိန်မှာ သူမျက်လုံးကို အောင်မြင်စွာ ခွဲစိတ်ပြီးပြီ ဆိုတာသတင်းကြားတော့ စိတ်ထဲမှာ အရာရာငြိမ်သက် သွားသလို ဘာမှ မလုပ်ချင်တော့ဘူး ။ စိတ်ထဲမှာလည်း မေးခွန်းပေါင်းများစွာပေါ့ ။

လူဘဝ ဆိုတာရိုးရိုးလေးပါ .. ။ ဘာကြောင့်များ ရှုပ်ယှက်ခက်နေတာ လည်း ကျနော် မတွေးတက်တော့ဘူး ။ ကျနော်ပဲ အတွေးလွန်နေသည်လော … ။ လူ အချင်းချင်း ကိုယ်ချင်းစာစိတ်ဆို တာ မရှိဘူးလို့  ကျနော် အခုထိ မယုံနိုင်သေးဘူး ။ ရင်ထဲမှာ မေးခွန်းတွေအတွက်  ကျနော် အိပ့်မပျော်နိုင်သေးပါ … ။ လက်တွေ့ ဘဝကြီးက ကျနော် သိခဲ့တာတွေနဲ့  တော်တော်လွဲနေပါတယ် ။ ကျနော် ဟာ အမှန်မဟုတ်တာတွေ ကို သင်ယူခဲ့မိတာများလား … ။

မနေ့  ညနေ ၄နာရီခွဲတိတိမှာ မတော်တဆဖြစ်ပါတယ် … ။ အရေးပေါ်အခြေနေနဲ့  ဆေးရုံကို ၅ နာရီလောက်ရောက်ပါတယ် ။ တာဝန်ကျဆရာဝန်က အရေးပေါ်ခွဲစိတ်မို့  လိုအပ်တယ်လို့  မှတ်ချက်ရေးထားပင်မဲ့ ။ ၂၄ နာရီ ကြာစောင့်ရပြီ ယနေ့ ညနေ ၅နာရီ ထိုးလောက်မှ ခွဲစိတ်ဖြစ်ခဲ့ပါတယ် … ။ ၆နာရီ ၁၅ မှာတော့ ခွဲစိတ်မူ အောင်မြင်တယ်ဆိုတာ သိရပါတယ် ။ မျက်လုံးတစ်ဖက်တော့ ဆုံးရှုံးသွားပင်မဲ့ ကျန်တစ်ဖက်ကိုတော့ ဘာမှ မထိခိုက်တော့ပါဘူး ။ ခွဲစိတ်မို့  စောင့်ရတဲ့ ၂၄ နာရီ အတွင်း လူတွေ ကို ကျနော် တော်တော် ကြောက်သွားမိပါတယ် ။ ကိုယ်ချင်းစာစိတ်ဆို တာ သူတို့ ဆီမှာ မရှိပါဘူး ။ သေရေးရှင်ရေ အခြေနေမှာတောင် ကိုယ့်အတွက် အမြတ်ထုတ်ချင်ကြတဲ့ လူတွေ ။  ကြားရတဲ့ နားတွေ မြင်ရတဲ့ အပြုအမှုတွေ မယုံနိုင်အောင်ပါပဲ ။

တစ်မိုးအောင်မှာ အသက်ရှင် ကြတာချင်းတူတူ IC ဆိုတာရှိမှ လူလို့  သတ်မှတ်မည်လော ။ ဥပဒေ ဆိုတာက လူတစ်ယော်ရဲ့  အသက် ထက်အရေးကြီးနေတာလား ။

ကျနော် ဟာ ဥပဒေ ပညာကို ကျေကျေနပ်နပ်စိတ်ဝင်တစားသင်ယူခဲ့ ဖူးတဲ့ သူတစ်ယောက်ပါ ။ ဥပဒေဆိုတာ ကျနော် တို့  လူသားတွေ ရဲ့ ဘဝ အတွက်  လုံခြုံမှု နဲ့  သာတူညီမျှ ဖြစ်စေမှု ကို ဖော်ဆောင်တယ်လို့  ယုံကြည်ထားသလို အဲ့လို ဖြစ်စေတယ်လိုပဲ သင်ယူခဲ့ရတာပါ ။ အခုလက်တွေ့ ဘဝကြီးမှာတော့ ကျနော် သိတာတွေ မှားကုန်ပါပြီ ။ ကျနော်က အမှားတွေကိုပဲ အသင်ယူမိခဲ့တာလား .... ။ လူတစ်ယောက် သေရေးရှင်ရေးမှာ ဥပဒေ က ပထမ လူအသက်က ဒုတိယ နေရာ မှာနေခဲ့ရပါတယ် ။ ဘာကြောင့်လဲဆိုရင် ကျနော် တို့ က အုပ်ချုပ်ခံ လူတန်းစားဖြစ်နေလို့ ပါ … တဲ့ ။ နှစ်ပေါင်း ၃၀ ပြည့်တော့မယ် လူဘဝကြီးထဲမှာ ရှင်သန်ခဲ့ရတာ အခုမှ ကိုယ့်ကိုယ် အုပ်ချုပ်ခံ လူတန်းစား ဖြစ်နေပါလားလို့  တွေးမိတာ ကျနော် တော်တော်လေး ညံ့လွန်းတယ်လို့  အရှက်ရမိပါတယ် ။

လူ …  အချင်းချင်း အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံ ဆိုတာ ရှိနေသမျှတော့ သာတူညီမျှဆိုတဲ့ စကားလုံးဟာ ဘယ်လောက်ပဲ ရွှေချထားပါစေ … သွေးတွေ စွန်းနေအုံးမည် ။ အဖွဲ့ တစ်ဖွဲ့  ၊ တစ်စုံတစ်ယောက် ၊ တစ်စုံတစ်ဦးက ပေးမှ ရတာ လူ့ အခွင့်အရေးတဲ့လား …. ။ ပေးမှရတာ အခွင့်အရေးတဲ့ ……. ။ ဒီလောက်နဲ့ တင် တော်တော် ရီစရာကောင်းနေပါပြီ ။ ဒါကို အားမရလို့  လူ့ အခွင့်ရေး ဆိုပြီ ရွှေရောင်ခေါင်းစီးတွေနဲ့  သဘာဝ တရားကြီးကို မှိုင်းတိုက်ခံနေရတာကို လက်ခုပ်တီးပေးရမည်လော …. ။

 ပေးမှရတာ အခွင့်အရေး မဟုတ်ပါဘူး ။ ဘယ်သူမှပေးစရာမလိုပါဘူး ။ သဘာဝလောကကြီးက ပေးပြီသာပါ ။ လူတစ်ယောက် အသက်ရှင်တာ သဘာဝကပေးတဲ့ အခွင့်အရေးပါ ။ အသက်ရှင်ခွင့်ရအောင် ကာကွယ်ပေးတာမှ လူ့ အခွင့်ရေးဖော်ဆောင်တာပါ ။ လူတစ်ယောက်အတွက် တစ်စုံတစ်ဦးက အသက်ရှင်ခွင့် ပေးမှ ၊ အသက်ရှင်မို့  ခွင့်တောင်းမှ ရတာကို လူ့ အခွင့်ရေးလို့  ဆိုချင်ကြတာလား ..... ။

ကျနော် တို့  ရှင်သန်မို့ အတွက် စိတ်မပါတဲ့ ပါတီ ဆိုတာ ဝင်ရမှာလား ... ။ နေရင်းထိုင်ရင်းဒုက္ခသည် လုပ်ရမှာလား ... ။ ရှင်သန်မှုအတွက် သနားခံ ခိုလုံခွင့်တောင်းရမှာလား ။ နိုင်ငံသား ၊ နိုင်ငံခြားသား ဖြစ်တည်မှု က သေရေးရှင်ရေးထက်အရေးကြီးနေတာလား .. ။ ပညာတက် ၊ ပညာရှင်များရဲ့ တန်းတူအခွင့်အရေး ဆိုတာရယ် လှု့ အခွင့်ရေးဆိုတဲ့ စကားလုံးတွေအောက်မှာ ကျနော် တို့  ဘဝတွေ လုံခြုံမှု ကင်းမဲ့နေတာ ဘယ်သူသိနိုင်မှာ .... လည်းဗျာ ..။

တစ်ကယ်တော့ ကျနော် တို့ ဆိုတာ သဘာဝ လောကကြီးထဲက ဘာမှ မထူးဆန်း တဲ့ လူသားတွေပါပဲ ။ ဒုက္ခသည်လည်း မဟုတ်ပါဘူး ။ ခိုလုံတာလည်းမဟုတ်ပါဘူး ။ နိုင်ငံသားလည်းမဟုတ်ပါဘူး ။ နိုင်ငံခြားသားလည်းမဟုတ်ပါဘူး ။ အရမ်း …. အရမ်း …. ကို    ရိုးရှင်းတဲ့ သက်ရှိ လူသား …… တွေပါ …။


မောင်ဘုန်း





8 comments:

  1. တိုက်ခိုက်မှု ဖြစ်သွားတဲ့သူအတွက် စိတ်မကောင်းဖြစ်နေတယ်မောင်ဘုန်းရေ

    ReplyDelete
  2. ကိုဘုန်းလို တော့ အကွက်ကျကျမပြောတက်ဘူး ... ။ ဘဝတူတွေမို့ လို့  ထပ်တူ ကိုယ်ချင်းစာ ခံစားမိပါတယ် ... ။

    Kဇင် ..... ။

    ReplyDelete
  3. အေးဗျာ....
    ဒီ ဒေသ ဒီပတ်ဝန်းကျင်မှာ
    နာကျင်ခဲ့ရတာတွေလည်း များနေပါပြီ ကိုဘုန်းရာ။

    ReplyDelete
  4. အကိုဘုန်းရေ...
    ပထမပို့စ် ကတည်းက ညလေးမှာ
    တော်တော်စိတ်မကောင်းဖြစ်နေတာ...
    မျက်လုံးခွဲစိတ်တာ အောင်မြင်တယ်ဆိုလို့
    အတိုင်းမသိဝမ်းသာမိရပေမဲ့
    ကျန်တဖက်အတွက်တော့ >>>>>>>>>>>>>>>>>
    အကိုဘုန်းရင်ထဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အတွက်
    တရားမျှတမှုမရှိတဲ့ အပေါ်မှာ ဘယ်လောက်ခံစားနေရ
    မယ်ဆိုတာ ညလေးကိုယ်ချင်းစာမိပါတယ်..ဒါပေမဲ့လဲ
    အကိုရယ်...ခေတ်ကြီးကိုကပျက်နေတာပါ.....
    ဘာလုပ်လုပ်အရှုပ်ထုပ်တွေချည်းပဲ....နောက်ပြီး
    လူတွေကိုယ်တိုင်ကိုက အကျင့်စာရိတ္တတွေပျက်ပြားပြီး
    စိတ်ဓါတ်တွေ အောက်တန်းကျနေတာပါ...
    ဘာလုပ်လုပ် အမြတ်ထုတ်ဖို့ချည်းပဲတွေးနေတယ်..
    လူတိုင်းကို မဆိုလိုပေမဲ့ အများစုဟာ
    ဒီအတိုင်းချည်းပဲဖြစ်နေတယ်..
    တော်တော် စိတ်မကောင်းစရာပဲ...
    မြန်မာနိုင်ငံအတွက်ရော....
    အဲဒိမြန်မာနိုင်ငံသားလို့ ခံယူထားတဲ့
    လူတွေ အတွက်ရော.....လူတွေဟာ
    ရာထူးစည်းစိမ် ဂုဏ်ပကာသနနဲ့
    ပတ်သက်လာရင် ကိုယ့်ရဲ့ အကျင့်စာရိတ္တနဲ့
    စိတ်ဓါတ်ကို ဘာလို့ အောက်ဆုံးအထိလွှင့်
    ပစ်တတ်ကြတာလဲ မသိဘူးနော် :((((

    ReplyDelete
  5. ရင်တွင်းလှိုင်းခတ်သံလေးတွေ ပီပြင်တယ် မောင်ဘုန်းရေ။ လူတစ်ဦးတစ်ယောက်တိုင်း အသက်ရှင်ခွင့်ကို သဘာဝကြီးကပေးဆောင်ထားပြီး ဆက်လက်ရှင်သန်ခွင့်ကို အကာအကွယ်ပေးမှသာ လူ့အခွင့်အရေးဖေါ်ဆောင်တာ... ထိထိမိမိ စာသားလေးတွေပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အရင်နှစ်ရက်ကတည်းကဖတ်ဖြစ်တာာာ
      စိတ်တော့မကောင်းဖူးးး
      ကိုယ်တိုင်လည်းဒါမျိုးတွေကြုံဖူးခဲ့တယ်
      ကိုယ့်သံရုံးကလည်း ဥပေက္ခာပြုခံဖူးတယ် နောက်ဆုံး အလုပ်အတူလုပ်ဖူးတဲ့ အိန္ဒယလေးက နောက်သုသာန်မှာ DPKLစည်ပင်ကျင်းတူးပြောင်းလုပ်တော့ မြန်မာအလောင်းတွေ တာဝန်ယူသူမရှိတာများတယ်လို့တောင် ဆုံတှိုင်းပြောပြရှာတယ်
      မြန်မာအမ်ဘာဆီက ဂျဟတ်နော်တဲ့

      Delete
  6. မောင်ဘုန်းရေ
    ဖတ်ရတာတကယ်စိတ်မကောင်းဘူး..
    ကျမတို့တွေ တနေ့တော့ သူများနိုင်ငံမှာ ကျွန်လုပ်နေရတဲ့ဘဝကနေလွတ်မှာပါ
    အနှိပ်ခံဘဝတခုကို ကြံကြံခံနိုင်အောင် ကြိုးစားနေရတဲ့အနေအထားတွေ
    သူများမျက်နှာကြည့်ရှင်သန်ရတဲ့ နေ့တွေ
    တနေ့လွတ်မြောက်မှာပါ

    ReplyDelete
  7. ရိုးရှင်းတဲ့ သက်ရှိ လူသားဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် လောကကြီးကလဲ မြေနိမ့်ရာလှံစိုက်တတ်ကြတာ သဘာဝလိုဖြစ်နေပြီလေ။

    ReplyDelete