Pages
Saturday, December 31, 2011
အလွမ်း ... နှစ်ကူး
ထက်ကောင်းကင် ဝယ် ၊ ဆန်းပြာသို (၇) ရက်မို့ 
ငွေလ ဆန်းလည်း ၊ ကွေးလျှက် နေကာ
ကြယ် နှင့်  ပြိုင်၍ ၊ ရောင်ဖြာ ထွန်းသည်
သို့ ပါသော် လည်း ၊ ညိုမှောင် သမ်းသမ်း
တိမ်ရောင် လွှမ်း၍ ၊ မှောင် တခါ လင်း တကွက်
 နေရ ရှာသည် ….. ။
ရွှေပြည် ဝေး တဲ့ ၊ ဂျင်ဂျာတော ငယ်
မြိုင်ငယ် ဆီအုန်း ၊ မှိုင်းပြပြ ဖြင့်
တောင်က တရုတ် ၊ အိမ်ငယ် စု၍
ညက်ညက် ညံကာ ၊ မီးရောင် ဆန်းနှင့်
“  ဖောက်ဖောက် ”  မြည်ဟီး ၊ မီးပန်း ဆင်သည်
မြောက်အရပ် ဝယ် ၊ ကား သင်္ချိုင်း နှယ်
ကြီးငယ် အလတ် ၊ စီကာ ရပ်လျှက်
မီးတိုင် ငယ် မှ ၊ ရောင်ဝါ ထွန်း သည် … ။
ဆယ်ပေ ကျော်ကျော် ၊ ကျွန်ုပ် နန်းတွင်
ဖော်ဆွေ မရှိ ၊ တေးသံ ငြိမ့်လျှက်
စာ တစ်ပုဒ် နှင့် ၊ နှဲ့ နှဲ့ ခုံ ငယ်
 ယဲ့ယဲ့ မှီ ၍ ၊ ပြတင်း ငယ် မှ
အရှေ့ တောင် မြောက် ၊ မျှော်ကာ ငေး ယင်း
နှစ်ကူး ည ဝယ် ၊ အတိတ် ဆီ သို့ 
လွမ်း ရ ပြန်သည် …. ။
တချိန် ဆီ က ၊ ဤ နှစ်ကူး  ဝယ်
လှိုင်း သံ သဲ့သဲ့ ၊ တေး သံ ဖက်၍
ငွေ သောင် စပ်တွင် ၊ မီး ပုံ ဖွဲ့ ကာ
ငယ်ပေါင်း တသိုက် ၊ ပျော်ခဲ့ သည်ကို
မှန်းမျှော် တွေးလျှက် ၊ ရှိနေ ချိန် ဝယ်
သွေ့ သွေ့ ဆောင်ယူ ၊ လေဝှေ့  ချက်ကြောင့်
ဘယ်မှ သေကောင် ၊ ပုတ်နံ့  လှိုင်၍
စိတ်ပင် မှိုင်း ကာ ၊ တွေးစ ပျယ်သည် …. ။
ငွေကျွန် နှစ် လည်း ၊ ကုန်ရ ပြန်ပြီ
သည်တွင် သည်ခေတ် ၊ လူ့ ဘောင် ထက် ဝယ်
ခွေး ပင် မခန့်  ၊ ညက်ညက် ကြေမည်
ဖူးစာ နတ်ပင် ၊ ဒေါ်လာ  ခင် ၍
ငွေ ကျွန် ဖြစ်လည်း ၊ ပျော်ရ ပြန်သည် …. ။
မည်သို့  ဆိုစေ ၊ ကံ ရောင် တောက်သည်
ဆိုရ မည်ဟု ၊ ကံဆန်း လှ ပေ
ယဉ်မှု နှိုင်း မဲ့ ၊ ချစ်ဦး ငယ် မှာ
ရွှေပုံ မ ပိုက် ၊ ချစ်ထပ် ရွေး ကာ
ချစ်ခွင့် ဆုံ ၍ ၊ သက် မျှ မြတ်နိုး
တန်းဖိုး ဆင် ကာ ၊ သစ္စာ ပုံ အပ်
မေတ္တာ ဆင့် ၍ ၊ ဘဝ အရှင်
ရင်၌ တည်သည် ……  ။
ဤည ချိန်ဝယ် ၊ ရွှေပြည် လည်းဝေး
ကြင်သူ ဝေးနှင့် ၊ လွမ်းနွယ် ရစ်ရစ်
လွမ်းဓာတ် စူးစူး ၊ လွမ်းငွေ့ ဝေဝေ
လွမ်းဟုန် ပြင်းပြင်း  ၊ လွမ်း ပွဲ ဆင်ဆင်
လွမ်း, သည် နှစ်ကူး ၊ လွမ်းကာ နွဲ ယင်း
ချစ်သူ ဖုန်းခေါ်  ၊ မျှော်ကာ တ ၍
စာအုပ် ငယ်ငယ်  ၊ စိတ်ငယ် နှစ်လျှက်
လွမ်းစိတ် ငယ် ကို ၊ ဖြေ ရ ပါတော့သည် ….. ။
ကျနော် ၏ blogger မိတ်ဆွေ သူငယ်ချင်း များ ကျနော် မောင်ဘုန်း ကဲ့သို့  လွမ်းဆွတ်မှု့  ကင်းစွာ ဖြင့် နှစ်သစ် မင်္ဂလာ အချိန်မှာ ချစ်သောသူ နှင့် အတူ ပျော်ရွှင်နိုင်ကြပါစေ လို့  ဆုတောင်းလိုက်တယ် … ။
အလွမ်းမဲ့ သော မင်္ဂလာနှစ် ဖြစ်ကြပါစေ ……………………………………
မောင်ဘုန်း
အချိန် … ၉နာရီ ၄၄ မိနစ်
နေရာ … Batu 15 janjarom (15 မိုင် ဂျင်ဂျာတော … မြန်မာများ အသံထွက်သည့် အတိုင်း ဖြစ်ပါသည် )
နေစွဲ ... ပြာသို လဆန်း ၇ ရက်
8 comments:
  1. ဒါလွမ်းနေတဲ့ ပုံပေါ့... ဟိဟိ
    Happy New Year 2012 ပါရှင် :D
    ReplyDelete
  2. happy new year ပါ
    လွမ်းဆွေးခြင်းကင်းပါစေ
    ReplyDelete
  3. နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ
    ReplyDelete
  4. မောင်ဘုန်း လွမ်းနေတဲ့ပုံလား
    ချစ်သူနဲ့မြန်မြန်လက်တွဲနိုင်ပါစေ
    ReplyDelete
  5. ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
    ကောင်းကင်ဖြူရေ။
    Happy New Year !!!
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. မင်္ဂလာနှစ်သစ်လေးပါ မောင်ဘုန်း.....။ ချစ်ခင်သူနဲ့ အမြန်ဆုံး ဆုံနိုင်ပါစေ....။
    ReplyDelete
  7. ဒီကလည်းလွမ်းလွန်လွန်းလို့ ခက်နေထှာလေ
    လွမ်းရတဲ့နေ့ရက်တွေလွန်ပါစေ
    မောင်ဘကြိုင်
    ReplyDelete
  8. မောင်ဘုန်းကဗျာဖတ်ပြီး နတ်ရှင်နောင် ကို သတိရသွားတယ်
    နတ်ရှင်နောင်လဲ သူ့ချစ်သူကို လွမ်းလို့ ကဗျာတွေ ရတုတွေ အများကြီးစပ်ခဲ့တာလေ..
    နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ..
    လွမ်းနေတာတွေလဲ အမြန်ဆုံးပျောက်ပြီး နီးပါစေလို့နော်..
    ReplyDelete